မရောက်တာကြာပြီဖြစ်တဲ့ ယူရိုပါလိဂ် ကို ဆင်းသွားရကိန်းနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ ဘာစီလိုနာ အသင်

ဘာစီလိုနာ အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ ဘင်ဖီကာ အသင်း နဲပ ဂိုးမရှိ သရေကျ ခဲ့ပါတယ် ။ ဒါဟာ သူတို့ အတွက် ခက်ခဲ တဲ့ အခြေအနေ ဆီကို တွန်းပို့ ပေးခဲ့တာပါ ။

ဘာစီလိုနာ ဟာ အုပ်စု E မှာ ၇ မှတ် နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ဘင်ဖီကာ ကတော့ ၅ မှတ် နဲ့ တတိယ နေရာမှာ ရှိလို့နေပါတယ် ။

တကယ်လို့ ဘာစီလိုနာသာ အုပ်စု နောက်ဆုံးပွဲမှာ ရှုံးနိမ့်ပြီး ဘင်ဖီကာ က ဒိုင်နမိုကိဗ် ကို နိုင်သွားခဲ့မယ် ဆိုရင်တော့ ဇာဗီ ဟာနန်ဒက်စ် ရဲ့ အသင်းဟာ မရောက်တာ ကြာပြီဖြစ်တဲ့ ပြိုင်ပွဲဆီကို အလည်အပတ် သွားရောက် ရမှာပါ ။

အဲ့ဒါ ကတော့ ယူရိုပါလိဂ် ပါပဲ ။ တကယ်တော့ ဘာစီလိုနာ ဟာ ယူရိုပါလိဂ် လို့ အမည်သစ် ၊ ပုံစံသစ် နဲ့ ကျင်းပ ကတည်းက ဒီပြိုင်ပွဲဟာ သူတို့နဲ့ မသက်ဆိုင် သလို နေနေခဲ့ တာပါ ။

ဥရောပ ရဲ့ အင်အားကြီး ကလပ် တခု ဖြစ်တဲ့ ဘာစီလိုနာ အတွက် ယူရိုပါလိဂ် ကို ဆင်းကစား ရတယ်ဆိုတာ ကျရှုံးမှု တခုပါပဲ ။

ဒီလို မဖြစ်ရအောင် ဘာစီလိုနာ တို့ အုပ်စု နောက်ဆုံးပွဲကို အနိုင် ကစားဖို့ လိုအပ် ပါတယ် ။ သရေကျခဲ့မယ် ဆိုရင်တောင် ဘင်ဖီကာ ( နိုင်သွားခဲ့ရင် ) က ဂိုးကွာခြားချက် မှာရော ထိပ်တိုက်တွေ့ဆုံမှုမှာပါ ဘာစီလိုနာ ကို အသာရ နေတာကြောင့် ဇာဗီ တို့ ယူရိုပါလိဂ် ကို ဆင်းသက် ရမှာပါပဲ ။

ဒီလို အဖြစ်မျိုးနဲ့ မကြုံရဖို့ အတွက် ဘာစီလိုနာ တို့ နောက်ဆုံးပွဲ ကို အနိုင် ကစားရင် ကစား ၊ ဒီလိုမှ မဟုတ်ရင်တော့ ဘင်ဖီကာ အနိုင် မရဖို့ကို မျှော်လင့် ရမှာပါ ။

အုပ်စု နောက်ဆုံးပွဲမှာ ဘာစီလိုနာ က ဘိုင်ယန်မြုးနစ် နဲ့ ဂျာမန် မြေပေါ်မှာ ရင်ဆိုင် ရမှာပါ ။

ဘိုင်ယန် ဟာ အုပ်စုတွင်းမှာ ပြိုင်ဘက်တွေထက် အပြတ်အသတ် သာလွန်တဲ့ အသင်းဖြစ်ကြောင်း ပြသထားပြီး ၅ ပွဲစလုံးကို ရာနှုန်းပြည့် အနိုင်ယူ ထားပါတယ် ။

ဘာစီလိုနာ ကိုလည်း ပွဲစဉ် ၁ တုန်းက နူးကမ့် ကို လာပြီး ၃-၀ နဲ့ အနိုင် ကစား ထားခဲ့တာပါ ။

ရောဘတ် လီဝန်ဒေါ့စကီး ကလည်း ဂိုးသွင်းခြေ တွေ့နေတုန်း ပါပဲ ။

အုပ်စုတက်ပြီး ဖြစ်နေပေမယ့် ဘိုင်ယန်တို့ အိမ်ကွင်းမှာ ဘာစီလိုနာ ကို အလျော့ပေး ၊ အရှုံးပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွက်ဆ ထားပြီး သုံးသပ်ကြည့်ရမှာ ပါပဲ ။

ဒါကြောင့် ဘာစီလိုနာ အနေနဲ့ ဘိုင်ယန်ကို အနိုင် ကစားဖို့ထက် ဘင်ဖီကာ က ဒိုင်နမိုကိဗ် ကို အနိုင်မရဖို့ မျှော်လင့်တာက ပိုပြီး ဖြစ်နိုင်ချေ များချင် များနေ မှာပါ ။

ဘာစီလိုနာ ဟာ ယူရိုပါလိဂ် ( ယခင် UEFA Cup ) မှာ တခါမှ ဗိုလ်မစွဲဖူး ပါဘူး ။ ဗိုလ်မစွဲရုံတင် မဟုတ်ပါဘူး ၊ ဗိုလ်လုပွဲ ကိုတောင် မရောက်ခဲ့ ဖူးတာပါ ။

ဘာစီလိုနာ တို့ UEFA Cup မှာ နောက်ဆုံး ကစားခဲ့တာက ၂၀၀၃-၀၄ ဘောလုံး ရာသီမှာပါ ။

အဲ့ဒိ နောက်ပိုင်းမှာ ဥရောပ ရဲ့ ဒုတိယ အမြင့်ဆုံး ပြိုင်ပွဲ ကို ဘာစီလိုနာ တို့ ယောင်လို့တောင် လှည့်မကြည့် မိတော့ပါဘူး ။

အခုတော့ အရင် အချိန်တွေကို ပြန်သတိရဖို့ ဖြစ်လာခဲ့ ပါပြီ ။

၂၀၀၂-၂၀၀၃ ဘောလုံး ရာသီ မှာ ဘာစီလိုနာ တို့ အဆင့် ၆ သာ ရခဲ့ပါတယ် ။ ဒါကြောင့် ယူရိုပါလိဂ် ( UEFA Cup ) ကို သွား ကစားခဲ့ရတာပါ ။

အဲ့ဒိ မတိုင်ခင် ကစားခဲ့တဲ့ ၂၀၀၀-၂၀၀၁ ရာသီ ကတော့ အခု ဖြစ်နေတဲ့ အခြေအနေနဲ့ ဆင်တူ ပါတယ် ။

အဲ့ဒိတုန်းက ဘာစီလိုနာ ဟာ ချန်ပီယံလိဂ်မှာ အေစီမီလန် ၊ ဘက်ဆစ်တပ် ၊ လိဒ်ယူနိုက်တက် တို့နဲ့ တအုပ်စုတည်း ကျခဲ့ပြီး အုပ်စု တတိယ ရကာ ယူရိုပါလိဂ် ကို ဆင်းကစားခဲ့ ရတာပဲ ဖြစ်ပါတယ် ။

ဆီမီးဖိုင်နယ် အထိ ဘာစီလိုနာ တို့ တက်လှမ်း နိုင်ခဲ့ပေမယ့် လီဗာပူး ကို အရေးနိမ့်ခဲ့ရပါတယ် ။ လီဗာပူး ကတော့ အဲ့ဒိနှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲ သွားခဲ့တာပါ ။

အဆိုပါ အချိန်တုန်းက ဘာစီလိုနာ အသင်းမှာ ပါဝင် ခဲ့တဲ့ ဇာဗီ ဟာနန်ဒက်စ် ကတော့ အခုအချိန်မှာ ဘာစီလိုနာ ရဲ့ နည်းပြ ဖြစ်နေခဲ့ ပါပြီ ။

ဘာစီလိုနာ ကို ကိုင်တွယ် အပြီး သိပ်မကြာခင်မှာပဲ အလွန် ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပေမယ့် ဇာဗီ ကတော့ ဘိုင်ယန် ကို အနိုင် ကစားပြီး ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ဖို့ ယုံကြည်ထားတယ်လို့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် နဲ့ ဘာစီလိုနာ တို့ရဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ကတော့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ယှဉ်ပြိုင် ကစားကြမှာပါ ။

အဲ့ဒိပွဲမှာ ဘာစီလိုနာ တို့ ဘိုင်ယန်ကို နိုင်ပြီး ရှုံးထွက် အဆင့်ကို တက်လှမ်း နိုင်မလား ၊

ဘိုင်ယန်ကို မနိုင်ပေမယ့်လည်း ရှုံးထွက် အဆင့်ကို ရောက်နိုင်မလား . . .

ဒါမှ မဟုတ် ၂၀၀၃ ကတည်းက မရောက်တာ ကြာပြီ ဖြစ်တဲ့ ယူရိုပါလိဂ် ဆီကို အလည်သွားရမလား ဆိုတာတော့ . . . . .

 

SPORTS MYANMAR