မရဏ အုပ်စုမှာ ကျရောက်ခဲ့ပေမယ့် ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ တက်ရောက်သွားနိုင်ခဲ့တဲ့ လီဗာပူး

မရဏ အုပ်စုမှာ ကျရောက်ခဲ့ပေမယ့် ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ တက်ရောက်သွားနိုင်ခဲ့တဲ့ လီဗာပူး

ကမ္ဘာပေါ်မှာ ပရိသတ် အများဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ် ဖလား အုပ်စု ပွဲစဉ်တွေကို မနေ့ညက ထပ်မံကျင်းပ ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် အုပ်စုပွဲစဉ်တွေ ကစားတာ စုစုပေါင်း 4 ပွဲ ရှိလာခဲ့ပြီ ဖြစ်ပြီး ၊ 100% နိုင်ပွဲ ရယူနိုင်တဲ့ 4 သင်း ထွက်ပေါ်ခဲ့ကာ ၊ အဲဒီ 4 သင်း စလုံးဟာ ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ သေချာသွားခဲ့ပါတယ်။

အဲဒီ အသင်းတွေ ကတော့ အုပ်စု H က ယူဗင်တပ် ၊ အုပ်စု E က ဘိုင်ယန် မြူးနစ် ၊ အုပ်စု C က အေဂျက် နဲ့ အုပ်စု B က လီဗာပူး အသင်းတွေ ဖြစ်ပါတယ်။

အုပ်စုတွင်း ရပ်တည်မှု အနေအထား အရ လက်ကျန် ပွဲ 2 ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာတောင် အေဂျက် ၊ လီဗာပူး နဲ့ ဘိုင်ယန်မြူးနစ် တို့ဟာ အခြား ပွဲစဉ်တွေ ရဲ့ ရလာဒ်ကို ကြည့်စရာ မလိုပဲ အုပ်စု ဗိုလ်အဖြစ်နဲ့တောင် တက်ရောက်ဖို့ သေချာနေပြီလို့ ယူဆလို့ ရပါတယ်။

 

သို့သော် အသေချာဆုံး ကတော့ လီဗာပူး ဖြစ်ပါတယ်။ လက်ရှိ 12 မှတ် အထိ ရရှိထားပြီးပြီ ဖြစ်သလို ၊ ဒုတိယ နေရာက ပေါ်တို အသင်း က လက်ကျန် 2 ပွဲ စလုံး အနိုင်ရမယ် ဆိုရင်တောင် စုစုပေါင်း ရမှတ်က 11 မှတ် အမြင့်ဆုံး ဖြစ်နိုင်တာကြောင့် လီဗာပူး ဟာ အုပ်စုဗိုလ် အဖြစ် တရားဝင် သတ်မှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အေဂျက် ၊ ဘိုင်ယန် မြူးနစ် တို့ နှစ်သင်းကလဲ သွင်းဂိုး အနေအထား အရရော ၊ ဂိုးကွာခြားချက် အပိုင်းမှာပါ အရမ်းကို သာလွန်နေတဲ့ အတွက် အုပ်စုဗိုလ် ဖြစ်ဖို့ သေချာ သလောက် ရှိနေသော်လည်း ၊ ဒုတိယ နေရာက အသင်းတွေ အတွက် သင်္ချာနည်းနဲ့ တွက်မယ် ဆိုရင် အုပ်စုဗိုလ် မှန်းဖို့အတွက် ဖြစ်နိုင်ချေ မျှော်လင့်ချက်က မရှိသလောက် နည်းနေသည့်တိုင်အောာင် အမျှင်လေးတော့ သန်းထားဆဲ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် မရဏ အုပ်စုကနေ စောစောစီးစီး အုပ်စုဗိုလ် ဖြစ်သွားခဲ့တဲ့ လီဗာပူး ရဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူး ရမှာပါ။

အုပ်စု မဲခွဲပွဲတွေ လုပ်ခဲ့စဉ် က လီဗာပူး အတွက် လုံး၀ လွယ်ကူမှာ မဟုတ်ဘူးလို့ အားလုံးက ဝိုင်းဝန်း သတ်မှတ်ခဲ့ကြသည့်တိုင်အောင် ၊ တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာ လီဗာပူး ရဲ့ အဆင့်အတန်းက အားလုံးထက် သာလွန်နေတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။

အထူးသဖြင့် ဥရောပ ပြိုင်ပွဲတွေမှာ ကစားရတာ ခက်ခဲလွန်းတယ်လို့ အမြဲတမ်း မှတ်ချက်ပေးခံရတဲ့ အေတီကို လို အသင်းမျိုးကို နှစ်ကျော့စလုံး အနိုင်ကစားပြခဲ့တာက ချီးကျူးဖို့ ကောင်းလွန်းနေပါတယ်။

နောက်ထပ် ချီးကျူးရမယ့် အသင်းက ပက်ဂွာဒီယိုလာ ရဲ့ အိုက်ဒီယာတွေ ကို အခြေခံပြီး တည်ဆောက်ထားတဲ့ တန်ဟတ် ရဲ့ အေဂျက် အသင်းဖြစ်ပါတယ်။ တန်ဟတ် ဟာ ပက်ဂွာဒီယိုလာ ဘိုင်ယန် နည်းပြ အဖြစ် လုပ်ကိုင်စဉ် အချိန်က ၊ လူငယ် အသင်း နည်းပြ တာဝန်ယူရင်း ကတ်တလန်သားကြီး ရဲ့ နည်းစနစ်တွေ ကို အသေအချာ လေ့လာခွင့် ရခဲ့တယ် လို့ သူက ဖွင့်ဟ ထားခဲ့ဖူးပါတယ်။

လက်ရှိ အေဂျက် ရဲ့ ခြေစွမ်းကလဲ ဘောလုံး ခရေဇီတိုင်း စောင့်ကြည့်ချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ပြည့်ဝလွန်းပါတယ်။ လွန်းခဲ့တဲ့ 2 နှစ် ကျော် ဝန်းကျင်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒီဂျောင် ၊ ဘန်ဒီဘိ ၊ ဒီလစ် ၊ ဇီယက် ၊ ဒီရွန် စတဲ့ အဓိက ကျောရိုး ကစားသမား အများစုကို ဈေးကောင်းကောင်း နဲ့ ရောင်းထုတ်ခဲ့သည့်တိုင်အောင် ပြန်လည်တည်ဆောက်မှုတွေ လုပ်ဆောင်ရင်း ၊ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အထိ ခြေစွာလာတာက ချီးကျူးဖို့ ကောင်းလွန်းပါတယ်။

ဝက်စ်ဟမ်း အပယ်ခံ တိုက်စစ်မှုး ဟယ်လာ ကလဲ အုပ်စုပွဲတိုင်းကို ဂိုးတွေ သွင်းပြနေတာပါ။ ဒါကြောင့် ဒီရာသီ အေဂျက် ရဲ့ စွမ်းဆောင်ရည်တွေကို လျှော့တွက်ထားလို့ မရဘူးလို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

နည်းပြ အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့ ဘိုင်ယန် မြူးနစ် ကလဲ အခုချိန်ထိ လုံး၀ အထိုင်ပျက်သွားခြင်း မရှိသလို ၊ တိုက်စစ်မှုးကြီး လီဝန်ဒေါ့စကီး က သွင်းဂိုးတွေ ဆက်တိုက် သွင်းပြလျှက် ရှိနေပါတယ်။

စီးရီအေမှာ ရလာဒ်တွေ တည်ငြိမ်ခြင်း မရှိတဲ့ ယူဗင်တပ် ကလဲ ချန်ပီယံလိဂ်မှာတော့ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ အသင်းဟာ အုပ်စု ပထမ နေရာကို မှန်းထားတယ် ဆိုရင်တော့ ဒုတိယ နေရာက ချဲဆီးကို အခုထက် ပိုပြီး အမှတ်ဖြတ်နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

SM