မယ်လ်မိုနဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ နည်းစနစ် အပြောင်းအလဲ လုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု လုပ်ခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ မှာ အုပ်စုတွင်း ဇယား အောက်ဆုံးက အသင်း ဖြစ်တဲ့ ဆွီဒင် အမှတ်ပေး ချန်ပီယံ မယ်လ်မို အသင်းကို ၄င်းတို့ရဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ဒုတိယပိုင်း က တလုံးတည်းသော သွင်းဂိုးနဲ့ အတူ နိုင်ပွဲ ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ကြိမ် အထိ ရှိခဲ့ပေမယ့် ၊ သွင်းဂိုး တဂိုးသာ ရရှိခဲ့ပြီး ၊ မယ်လ်မို ဂိုးသမား ဒါလင် က အများစုကို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ် ။ ဒါ့အပြင် တိုက်စစ် က ကိုင်ဟာဗက်ဇ် ၊ ဟာကင် ဇီယက်ခ်ျ တို့ရဲ့ ကန်ချက် အချို့ တိကျမှု မရှိခဲ့တာလည်း အချက် တချက် အနေနဲ့ ပါဝင်ခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ် အနိုင် ၃မှတ် ထပ်ရပြီး ၊ အုပ်စု က တက်နိုင်ဖို့ အခြေအနေ ကောင်းသွားတာကြောင့် ၊ အဖိုးတန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့တယ်ပဲ ယေဘူယျ ခြုံပြောရမှာ ဖြစ်ပါတယ် ။ တချိန်တည်းမှာ ခံစစ်ဇုန်မှာ အထိုင်ချပြီး ၊ ချဲလ်ဆီး တိုက်စစ်ကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ မယ်လ်မိုကြောင့် လက်ရှိ ချန်ပီယံတို့ အခက်တွေ့ခဲ့ရတယ်လို့ သုံးသပ်ရင် ပိုမှန်နိုင်ပါမယ် ။

အထူးသဖြင့် ပထမပိုင်း အတွင်း ချဲလ်ဆီး တောင်ပံ တိုက်စစ် ထိုးဖောက်မှုတွေက အားရစရာ မကောင်းခဲ့သလို ၊ ပြိုင်ဖက် ခံစစ်ကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး ။ ဒုတိယပိုင်း မှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ နည်းစနစ် အပြောင်းအလဲ အသေးစား တရပ် လုပ်ခဲ့ပါတယ် ။

ဒါကတော့ ဘယ်တောင်ပံ တိုက်စစ် မှာ ပိတ်မိနေခဲ့တဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ကို ညာတောင်ပံ ပို့ပြီး ၊ ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် ကစားစေခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ ဒါက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ကာ ၊ တလုံးတည်းသော အနိုင်ဂိုး ဟာ ၄င်းရဲ့ လှပတဲ့ ဝေ့ဝိုက် ပေးပို့မှုကြောင့် ပင်နယ်တီ ဧရိယာ အတွင်း ပြေးဝင် ပိတ်သွင်းဖို့ အသင့် စောင့်နေခဲ့တဲ့ ဇီယက်ခ်ျကို ဂိုးရစေခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ထို အကြောင်းနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရာ ၊ ၄င်းက ဒုတိယပိုင်း နည်းစနစ် အပြောင်းအလဲ ဟာ ကိုယ်ပိုင် အိုင်ဒီယာ မဟုတ်ပဲ ၊ လက်ထောက် နည်းပြ တဦးရဲ့ အကြံဉာဏ်ပေးမှုသာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံ ပြောဆိုခဲ့ပါတယ် ။

တူချယ် က ” ဒီ နည်းစနစ် အပြောင်းအလဲ အားလုံးနဲ့ ပတ်သက်ပြီး ကျွန်တော့ရဲ့ လက်ထောက် နည်းပြ ကို ခင်ဗျားတို့ ချီးကျူးရမှာပါ ။ သူက ဒီ အကြံဉာဏ်ကို အရင်ဆုံး ရခဲ့တာပါ ။ ကျွန်တော်တို့ဟာ ဘယ်သန် ကစားသမား ၂ယောက်ကို ဘယ်ခြမ်း တိုက်စစ်မှာ ၊ ညာသန် ကစားသမား ၂ယောက်ကို ညာခြမ်း တိုက်စစ်မှာ ကစားစေချင်ခဲ့ပါတယ် ။ ”

” ဒီလို နည်းစနစ် နည်းနည်းပါးပါး ကစားလိုက်ခြင်း အားဖြင့် ၊ ပြိုင်ဖက်ရဲ့ ခံစစ် ကျောက်ချ ကစားပုံကို ကျော်ဖြတ်ဖို့ ၊ အချိန် နည်းနည်းလောက် ဖြစ်ဖြစ် ပိုစုဆောင်းနိုင်မယ်လို့ ခံစားခဲ့မိပါတယ် ။ ဒီနေ့ ရသွားတဲ့ ဂိုးမျိုးမှာပေါ့ ။ ကျွန်တော်တို့ဟာ ဘောလုံး ပြန်ရတာနဲ့ ချက်ချင်း တန်ပြန်တိုက်စစ် စနိုင်ခဲ့ပါတယ် ။ ”

” အဲဒီနောက် ကော်လမ် က ပင်နယ်တီ ဧရိယာထဲကို တန်းတန်းမတ်မတ် ဘောလုံး ပေးပို့နိုင်ခဲ့ပါတယ် ။ ဒီတော့ ကျွန်တော့ လက်ထောက် နည်းပြ က ချီးကျူးမှု အားလုံးနဲ့ ထိုက်တန်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ internationl break မတိုင်မီ လာမယ့် စနေနေ့မှာ ဘန်လေ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR