မယ်လ်မိုနဲ့ပွဲမှာ ခြေစွမ်း အသင့်အတင့် ပြသနိုင်ခဲ့ပေမယ့် ၊ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးထံမှ နောက်ထပ် တောင်းဆိုမှုတွေ လုပ်လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ မယ်လ်မို အသင်းကို ဆွီဒင်မြေမှာ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ဖို့ နီးစပ်မှု ရှိလာပါပြီ ။

ဒီပွဲမှာလည်း ချဲလ်ဆီး ဟာ အဓိက တိုက်စစ် ကစားသမားတွေ ဒဏ်ရာ ပြဿနာ အသီးသီး ရှိနေခဲ့တာကြောင့် ၊ အိုဒွိုင်း – ဟာဗက်ဇ် – ဇီယက်ခ်ျ အတွဲကိုပဲ ဆက်လက် အသုံးပြုခဲ့ရပါတယ် ။ အချိတ်အဆက် ရစ်သမ်ပိုင်းမှာ ပြောစရာ နည်းနည်းပါးပါး ရှိခဲ့ပေမယ့် ၊ လိုအပ်တဲ့ အနိုင် ၃မှတ်ကိုတော့ တာဝန်ကျေပွန်စွာနဲ့ ရယူသွားခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ဒီ တိုက်စစ် အတွဲ က အားရစရာ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာတော့ ၄င်းတို့ဟာ open play ကနေ တဆင့် ၃ယောက် အတွဲညီညီ ပေါင်းစပ်ကာ အတို့အထိ ၊ ချိန်သားကိုက် ပေးပို့မှုတွေနဲ့ အရည်အသွေးမြင့် ဂိုးတဂိုး ဖန်တီးနိုင်ခဲ့ကြပါတယ် ။

သို့ပေမယ့် ဒီတဂိုးနဲ့ မလုံလောက်ပဲ တဦးချင်း ခြေစွမ်းပိုင်း ရှေ့ဆက် တိုးတက်ဖို့ လိုသေးတယ် ဆိုတာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ဇီယက်ခ်ျနဲ့ ဟာဗက်ဇ်တို့ရဲ့ စွမ်းဆောင်ရည် အပေါ် အားမရသေးပဲ ၊ နောက်ထပ် တောင်းဆိုမှုတွေ ထပ်လုပ်သွားခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ဟုတ်ပါတယ် ။ ဟာကင်ရဲ့ ဒီနေ့ စွမ်းဆောင်ရည် က အနာဂတ်မှာ ပိုကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့ရဖို့ရဲ့ အစ လမ်းကြောင်း ဖြစ်ဖို့ မျှော်လင့်ပါတယ် ။ ဒါပေမယ့် သူ့မှာ နောက်ထပ် တိုးတက်နိုင်တဲ့ အခန်းကဏ္ဍတွေ ရှိသေးတယ်လို့ ကျွန်တော် မြင်ပါတယ် ။ ”

” ဥပမာ – ဘောလုံး ပေးပို့ရမယ့် အပိုင်း ၊ ဂိုးပေါက် ကန်သွင်းရမယ့် အပိုင်းတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုမို ချလာနိုင်တာမျိုး ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုအား ပိုကောင်းဖို့ လိုတာမျိုး စတဲ့ နေရာတွေမှာ ဟာကင် ဟာ ရေရှည်မှာ ပိုပြီး ထိန်းသိမ်းနိုင်ရပါမယ် ။ ”

” ကျွန်တော်တို့ဟာ သူ့ရဲ့ လုပ်အား ၊ တန်ပြန် ဖိအားပေးခြင်း ၊ သတိရှိမှု စတဲ့ အရည်အသွေးတွေ အပေါ် အမြဲတမ်း အားထားရပါတယ် ။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ ။ ”

” သူ့အနေနဲ့ အခုထက် ပိုပြီး အဆုံးသတ်အား ကောင်းလာနိုင်သေးသလို ၊ ရစ်သမ် အလိုက် ကစားတဲ့ နေရာမှာလည်း ပိုပြီး တိုးတက်လာနိုင်ပါသေတယ် ။ ဒါပေမယ့် ဒီရာသီ မစတင်ခင် က ရခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲက ပခုံး ဒဏ်ရာ က သူ့ကို အတော်လေး ဒုက္ခပေးခဲ့ပါတယ် ။ ”

” ဒါတောင် သူဟာ ခပ်မြန်မြန်ပဲ အသင်းနဲ့ အတူ ပူးပေါင်းနိုင်ဖို့ ၊ ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ပါတယ် ။ အရင်လို ရာနှုန်းပြည့် အနေအထားမျိုး သူ မရောက်သေးဘူးလို့ ကျွန်တော် ထင်ပါတယ် ။ အထူးသဖြင့် တောင်ပံ တိုက်စစ် ကစားသမားတွေဟာ ကိုယ်ပိုင် လှည့်ထွက် ကစားပုံ စတိုင်လ်ကို မြတ်နိုးကြသလိုမျိုးပေါ့ ။ ”

” ဒါပေမယ့် အခက်အခဲတွေ ကြားထဲက ဒီနေ့မှာ သူ ဂိုးတဂိုး ပြန်ရခဲ့တာကို ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ဒါက သူ့ရဲ့ ယုံကြည်မှုကို အများဆုံး အထောက်အကူ ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် ။ ကိုင် ကတော့ နောက်ပိုင်းပွဲတွေမှာ ဘောလုံး ခြေထဲရှိတဲ့ အချိန်မှာရော ၊ မရှိတဲ့ အချိန်မှာပါ ခြေစွမ်းပြနိုင်ခဲ့တာလေးတွေ ရှိပါတယ် ။ ”

” လောလောဆယ် သူ့ရဲ့ ကစားပုံ အပေါ် ကျွန်တော် သဘောကျ နှစ်သက်မိပါတယ် ။ အသင်း အတွက် သူ ဘယ်လောက်ထိ စိတ်နှစ်ပြီး ၊ ပြင်းပြင်းထန်ထန် ကြိုးစား ပေးဆပ် ကစားတယ် ဆိုတာကို ကျွန်တော် မြင်တွေ့ထားရပါတယ် ။ သွင်းဂိုးတွေနဲ့ ပတ်သက်လာရင်တော့ သူဟာ လတ်တလောမှာ ကံနည်းနည်း ဆိုးနေပါတယ် ။ ”

” နယူးကာဆယ်နဲ့ ပွဲမှာ သူဟာ အသင်းအတွက် ပင်နယ်တီ ယူပေးခဲ့သလို ၊ ဒီနေ့ပွဲမှာလည်း ဂိုးသွင်းခွင့် ၂ကြိမ် ရခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေက သူ့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ စွမ်းဆောင်ရည်တွေ အပေါ် ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR