မန်ယူနိုက်တက် ၊ လီဗာပူး နဲ့ မန်စီးတီး တို့ထဲမှာ ဘယ်အသင်းကို ဟာလန်း မလာဖြစ်လောက်ဘူးလဲ ဆိုတာနဲ့ ဘယ်က အသင့်တော်ဆုံးဖြစ်မယ်ဆိုတာ သုံးသပ်ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

ဒေါ့မွန် အသင်းရဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်း သာ လီဗာပူးကို ရောက်ရှိ သွားမယ် ဆိုရင် အလွန် ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်စစ် ဖြစ်လာမှာ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးက ဟာလန်း အတွက် ပိုမို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ခန့်မှန်း သွားခဲ့ ပါတယ် ။

ဟာလန်း ရဲ့ ဒေါ့မွန် ဟာ ယမန်နေ့ ညက ပွဲအပြီးမှာ ချန်ပီယံလိဂ် ကနေ လက်ပြနှုတ်ဆက်ပြီး ယူရိုပါလိဂ် ကို ဆင်းသက် ကစားရတော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီ ဈေးကွက်မှာ ဟာလန်း အသင်းပြောင်းနိုင်ချေ ရှိတယ် ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

အာလင်း ဟာလန်း ဟာ မျိုးဆက်သစ် ဘောလုံး ကမ္ဘာရဲ့ အထွန်းတောက်ဆုံး ဆယ်ကျော်သက် ကစားသမားတွေ ထဲက တယောက် ဖြစ်ပြီး ဂိုးသွင်း ကောင်းတဲ့ နော်ဝေသားလေးကို ဥရောပ ထိပ်သီး အသင်းတွေက အပြိုင် အဆိုင် စောင့်ကြည့် နေကြပါတယ် ။

အဲ့ဒိ အသင်းတွေ ထဲမှာ ဖာဒီနန် ရဲ့ အသင်းဟောင်း မန်ယူနိုက်တက် လည်း ပါဝင်နေသလို လီဗာပူး ၊ မန်စီးတီး ၊ ရီးရဲ မက်ဒရစ် တို့ကလည်း ဟာလန်း ကို စိတ်ဝင်စား နေကြပါတယ် ။

ဖာဒီနန် ကတော့ ဟာလန်း သာ လီဗာပူး ကို ရောက်သွားခဲ့မယ် ဆိုရင် ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်စစ် အခင်းအကျင်းကို မြင်တွေ့ ရနိုင်ပြီး မိုဟာမက် ဆာလာ ကတော့ အခုလောက် ဂိုးတွေ ရနိုင်မယ် မထင်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဖာဒီနန် က ဟာလန်း အနေနဲ့ ရွေးချယ်ခွင့် ရှိခဲ့မယ် ဆိုရင်တော့ လီဗာပူး ထက် မန်စီးတီး ကို ပိုမို ရွေးချယ် နိုင်တယ် လို့လည်း သုံးသပ်ပြ သွားခဲ့ ပါတယ် ။

“ကျွန်တော်သာ လီဗာပူး က တာဝန်ရှိသူ ဆိုရင် ဟာလန်း ကို အခု အရ ခေါ်ပြီးနေ လောက်ပါပြီ ။

သူသာ လီဗာပူး ကို ရောက်သွားမယ် ဆိုရင် အရမ်းကြောက်ဖို့ ကောင်းတဲ့ ရှေ့တန်း အတွဲ ဖြစ်လာမှာပါ ။

သူ့ အတွက်တော့ အသားကျဖို့ အရမ်း ခက်ခဲမယ်လို့ မထင်ပါဘူး ။ လီဗာပူး ကစားတဲ့ ပုံက ဒေါ့မွန် လို မဟုတ်ပေမယ့်ပေါ့လေ”

“ဂျက်ဂရီလစ်ရှ် က ထိပ်တန်း ကစားသမား တယောက်ပါ ၊ ကျွန်တော်တို့ သူ့ကို သဘောကျ ကြပါတယ် ။

ဒါပေမယ့် မန်စီးတီး ကို ပြောင်းသွားချိန် မှာတော့ အသားကျအောင် အချိန်ပေး ကြိုးစားရတာကို တွေ့ခဲ့ရ ပါတယ် ။

လီဗာပူး ကတော့ ဒီလိုမဟုတ်ပါဘူး ၊ ဟာလန်း ရောက်လာမယ် ဆိုရင် သူတို့ အားလုံးရဲ့ ဦးတည်ချက်က ရှေ့တန်း အလယ်ဗဟို ဖြစ်သွားမှာပါ ။

မိုဆာလာ ကတော့ ဟာလန်း ရောက်လာရင် အခုလောက် ဂိုးတွေ သွင်းနိုင်မှာ မဟုတ်ပါဘူး”

“ဒါက ( ဟာလန်း လီဗာပူး ရောက်တာ ) တကယ်ကို မယုံချင်စရာ ကောင်းတဲ့ အယူအဆ တခုပါပဲ ။ ဒါပေမယ့် ကျွန်တော် ကတော့ ဟာလန်း အနေနဲ့ လီဗာပူး ထက် မန်စီးတီး ကို ပို ရွေးချင်လောက်မယ်လို့ ထင်ပါတယ် ။

စီးတီး က သူ့အတွက် ဘောလုံးထက် ပိုတဲ့ အရာတခု ဖြစ်ကောင်း ဖြစ်နေမှာပါ” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

 

သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီ ရောက်လာ နိုင်ချေ အပေါ် ကိုတော့ ဖာဒီနန် က ဟာလန်း ရဲ့ ဖခင် နဲ့ ရွိုင်ကင်း တို့ရဲ့ ကိစ္စ ၊ ဟာလန်း ရဲ့ အေးဂျင့် ရွိုင်းအိုလာ တို့ကြောင့် ဖြစ်နိုင်ချေ နည်းပါး တယ်လို့ ထင်မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

“ဟာလန်း နဲ့ မန်ယူနိုက်တက် တို့ ပေါင်းစပ်မိမယ်လို့ ကျွန်တော် သိပ် မထင်ပါဘူး ။

သူ့ အေးဂျင့် နဲ့ ယူနိုက်တက် တို့ သိပ်အစေး မကပ်ပါဘူး ။ ပြီးတော့ ရွိုင်ကင်း နဲ့ သူ့ အဖေ တို့ ကိစ္စလည်း ရှိထားပါတယ် ( ရွိုင်ကင်း က ဟာလန်း ရဲ့ အဖေ မန်စီးတီး မှာ ကစားစဉ် ခြေထောက်ကျိုးအောင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်ခဲ့ဖူး ၊ အဆိုပါ ဒဏ်ရာကြောင့် ဘောလုံးသမားဘဝကို စွန့်လွှတ်လိုက်ရ ) ။

နောက်ပြီး ဟာလန်း က လူကာကူ လို ပုံစံမျိုးပါ ၊ လူကာကူ တောင် ယူနိုက်တက် မှာ အဆင်မပြေလို့ အင်တာ ကနေ ချဲလ်ဆီး ကို ရောက်နေ ပါပြီ ။

လီဗာပူး ကိုရောက်ရင် အံဝင်နိုင်သလို ယူနိုက်တက် မှာ ဟာလန်း အံဝင်ဖို့ မသေချာပါဘူး” လို့ ဖာဒီနန် က သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ဒေါ့မွန် ဟာ အာလင်း ဟာလန်း ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ စီစဉ် နေပြီး တနှစ်လုပ်ခ ယူရို ၁၅ သန်း အထိ ပေးအပ် သွားဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ် ။

ဟာလန်း ဟာ ဒေါ့မွန် နဲ့ ယခင် ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ၂၀၂၂ အတွင်းမှာ ပေါင် ၆၄ သန်းတန် စာချုပ် ဖျက်သိမ်းကြေး အသက်ဝင်လာမှာ ဖြစ်ပြီး ဥရောပ ထိပ်သီး အသင်းတွေဟာ အဆိုပါ ကာလ အတွင်းမှာ သန်း ၁၀၀ ကျော် ပေးရနိုင်တဲ့ ဟာလန်း ကို အရ ခေါ်ယူဖို့ ကြိုးစား သွားဖွယ် ရှိနေပါတယ် ။

 

SPORTS MYANMAR