မန်ယူနိုက်တက် အပါအဝင် ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ၇ သင်းကို ရွေးချယ် ပေးလိုက်တဲ့ မက်ဆီ

 

ပီအက်စ်ဂျီ စတား လီယွန်နယ် မက်ဆီ က သူတို့ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရယူ နိုင်စွမ်း ရှိတဲ့ အသင်းထဲမှာ ပါဝင်ပြီး တခြား အသင်း ၆ သင်းဟာလည်း ချန်ပီယံဆု အတွက် ရေပန်းစားတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

မနေ့ညက ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၄) မှာ လိုက်ပစ်ဇ် အသင်းရဲ့ နောက်ကျ ချေပဂိုးကြောင့် ပီအက်စ်ဂျီ အသင်းဟာ သရေ တစ်မှတ်သာ ရသွားခဲ့ပါတယ် ။ ဒါပေမယ့် ပီအက်စ်ဂျီ အသင်းဟာ ရမှတ် ၈ မှတ်နဲ့ ရှုံးထွက် အဆင့် တက်ရောက်ဖို့ အခြေအနေကောင်း နေပါတယ် ။

ပီအက်စ်ဂျီ အသင်းရဲ့အုပ်စု(က) မှာ မန်စီးတီး အသင်းဟာ ဂိုးပြတ် နိုင်ပွဲ ရယူပြီး အုပ်စု အဆင့်ကို ဦးဆောင် နေပါတယ် ။ နောက်ထပ် ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ လီဗာပူး အသင်းကတော့ အက်သလက်တီကို မက်ဒရစ် ကို နှစ်ဂိုးပြတ် အနိုင်ယူပြီး ရှုံးထွက် အဆင့်ကို တက်လှမ်း သွားခဲ့ပါပြီ ။

အုပ်စု(ဂ) မှာ အေဂျက်စ် ၊ အုပ်စု(ဃ) မှာ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာလည်း နောက်တစ်ဆင့် တက်လှမ်းဖို့ အလားအလာ ကောင်းနေပါတယ် ။ ၂၀၂၀ ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ် ကတော့ အုပ်စု အဆင့်ကနေ တက်သွားခဲ့ပြီ ဖြစ်ပြီး သူ့နောက်ကို ဘာစီလိုနာ လိုက်နိုင်ဖွယ် ရှိနေပါတယ် ။

အုပ်စု (စ) ကတော့ နောက်ဆုံး အချိန်အထိ ရင်ခုန် ရဖွယ် ရှိနေပြီး မန်ယူနိုက်တက် နဲ့ ဗီလာရီးရဲလ် တို့ဟာ ရမှတ်တူနေကာ အတ္တလန်တာကလည်း အနောက်ကနေ ကပ်လိုက်နေပါတယ် ။ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းကတော့ မယ်မို ကို အနိုင် ကစားပြီနောက် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ ပိုမို နီးကပ်လာခဲ့ပါပြီ ။

ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ မက်ဆီ ကတော့ ဒီရာသီ ပီအက်စ်ဂျီ အသင်းနဲ့ အတူ ချန်ပီယံလိဂ် ရယူဖို့ စိတ်အားထက်သန်နေပေမယ့် မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် ၊ အက်သလက်တီကို မက်ဒရစ် တို့ဟာလည်း ချန်ပီယံလိဂ်ဆုကို ရယူနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ် ။

မက်ဆီ က beIN sports နဲ့ အင်တာဗျူးမှာ ” ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံဆု ရယူဖို့က ကျွန်တော့်ရဲ့ရည်မှန်းချက် ဖြစ်သလို ကလပ်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ် ။ သူတို့ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရယူချင်နေကြပါတယ် ၊ အရင်ကလည်း ရဖို့ နီးစပ် ခဲ့ပါတယ် ။ ဒါက သူတို့ရဲ့ အဓိက ပစ်မှတ်ပါပဲ ။ ”

” ကျွန်တော်တို့ အသင်းက ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းပါ ၊ ရေပန်းစားနေတာ ကျွန်တော်တို့ တစ်သင်းတည်းတော့ မဟုတ်ပါဘူး ။ အားလုံးက ပီအက်စ်ဂျီ အသင်း အကြောင်း ပြောနေကြပါတယ် ၊ ဒါကလည်း ကစားသမားတွေကြောင့်ပါ ။ ”

” ဒါပေမယ့် တခြား အသင်းတွေကလည်း နှစ်အတော်ကြာ စုစည်းမှု ရှိရှိနဲ့ ကစားလာကြပြီး ကစားသမားကောင်းတွေကိုလည်း ခေါ်ယူထားပါတယ် ။ မန်ယူနိုက်တက် ၊ မန်စီးတီး ၊ ဘိုင်ယန် ၊ လီဗာပူး ၊ အက်သလက်တီကို နဲ့ ချဲလ်ဆီး တို့လိုပေါ့ဗျာ ။ ”

” ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတွေ အများကြီး ရှိပါတယ် ၊ ဒီပြိုင်ပွဲက တကယ့်ကို ခက်ခဲပါတယ် ၊ အကောင်းဆုံး အသင်းလည်း အမြဲတမ်း ချန်ပီယံဆု မရနိုင်ပါဘူး ၊ ချန်ပီယံဆုရဖို့ တခြားအရာတွေ အများကြီး လိုအပ် ပါသေးတယ် ၊ ကျွန်တော်တို့ အသင်းက ချန်ပီယံဆု ရနိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM