မန်ယူနိုက်တက် ယာယီ နည်းပြသစ် ရန်းနစ်ဆီက ဘာတွေ သင်ယူခဲ့ရဖူးလဲ ဆိုတာ ဖွင့်ဟလာတဲ့ တူချယ်

ပြီးခဲ့တဲ့ တပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တန်းတက် ဝက်ဖို့ဒ် အသင်းကို ၄ – ၁ နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ၊ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကလပ် ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ နည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှား ကို နောက် ၂ရက် အကြာမှာပဲ ရာထူးကနေ တရားဝင် ထုတ်ပယ်ခဲ့ပါတယ် ။

လောလောဆယ်မှာ မန်ယူနိုက်တက် ဟာ ဆိုးလ်ရှားရဲ့ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ မိုက်ကယ် ကာရစ် ကို caretaker အဖြစ် တာဝန်ယူစေပြီး ၊ လာမယ့် ကြားရက် အာဆင်နယ် နဲ့ ပွဲက စတင်ကာ ၊ ရှော်လ်ကာ နည်းပြဟောင်း ရပ်လ်ဖ် ရန်းနစ် ကို ရာသီကုန် အထိ ယာယီ နည်းပြ တာဝန်ကို အပ်နှင်းမှာ ဖြစ်ပါတယ် ။

ရန်းနစ် ဟာ လက်ရှိ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ ထိပ်တန်း အဆင့် မန်နေဂျာ ၂ဦး ဖြစ်တဲ့ လီဗာပူး နည်းပြ ယာဂင် ကလော့ပ်နဲ့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်တို့ရဲ့ ဆရာအရင်း ဖြစ်ပြီး ၊ ဂျာမန် နည်းပြ အများစု အသုံးပြုကြတဲ့ gegenpress ကစားဟန်ကို ပထမဆုံး အစပျိုးခဲ့သူလည်း ဖြစ်ပါတယ် ။

လက်ရှိ ချဲလ်ဆီး နည်းပြ တူချယ် ဟာ ကစားသမား ဘဝမှာတုန်းက ရန်းနစ် ကိုင်တွယ်ခဲ့တဲ့ Ulm အသင်းမှာ ကစားခဲ့ဖူးပြီး ၊ ဒူးကြွက်သား ပြဿနာကြောင့် ကစားသမား ဘဝ ကနေ စောစောစီးစီး အနားယူခဲ့ရပါတယ် ။ ထို့နောက် ၎င်းဟာ ရန်းနစ်ရဲ့ အကူအညီနဲ့ Ulm ယူ ၁၅ နည်းပြ အဖြစ်နဲ့ နည်းပြ လောကထဲသို့ စတင် ဝင်ရောက်လာခဲ့ပါတယ် ။

မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က မန်ယူနိုက်တက် ယာယီ နည်းပြသစ် ဖြစ်လာတဲ့ ရန်းနစ်ရဲ့ လက်အောက်မှာ သူ ဘာတွေ သင်ယူခဲ့ရတဲ့ အကြောင်း ၊ သူ့ကို ဘာတွေ ကူညီပေးခဲ့တဲ့ အကြောင်း အစရှိတာတွေကို အခုလိုပဲ အသေးစိတ် ပြန်ပြောင်း ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ရပ်လ်ဖ် ဟာ ကျွန်တော့ကို အများကြီး ကူညီပေးခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ကျွန်တော့ရဲ့ နည်းပြ တဦး ဖြစ်ခဲ့သလို ၊ နည်းပြ လောကထဲ ဝင်ရောက်လာဖို့ ကျွန်တော့ကို တွန်းအားပေးခဲ့လို့ပါ ။ ဒီတော့ ကစားသမားနဲ့ နည်းပြ ဘဝ တလျှောက်လုံးမှာ ကျွန်တော်နဲ့ ကျန်တဲ့ နည်းပြ အဖွဲ့ဝင်တွေ အပေါ် လွှမ်းမိုးမှု အများကြီး ရှိခဲ့ပါတယ် ။ ”

” ဘောလုံးပွဲတွေမှာ လူတွေ အိမ်သာ သွားတိုင်း ၊ လိုက်သွားဖို့ မလိုဘူး ဆိုတာ ပြသခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒီ ကာလတုန်းက နောက်ခံလူတွေဟာ တိုက်စစ်မှူးတွေ သွားရာ နေရာတိုင်း လိုက်ရမယ် ဆိုတဲ့ ရှေးထုံးစံ ရှိခဲ့လို့ပါ ။ သူဟာ လူတိုင်းကို ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေ အတွက် မျှတတဲ့ ဇုန်တခု ကနေ ခုခံခွင့် ရှိရမယ် ဆိုတာ ညွှန်ပြခဲ့ပါတယ် ။ ”

” ဒါပေမယ့် နားထောင် ၊ အခု ပြောနေတာတွေကို အပထားပါ ။ ရပ်လ်ဖ် ဟာ အခုအချိန် အထိ မန်ယူနိုက်တက် နည်းပြသစ် တရားဝင် ဖြစ်မလာသေးပါဘူး ။ ဒီတော့ လက်ရှိ နည်းပြ အဖွဲ့ဝင်တွေ အပေါ် လေးစားသမှု ပြကြရအောင်ပါ ။ အားလုံး အတည်ပြု ဖြစ်ပြီးမှ ကျွန်တော်တို့ ထပ်ပြောကြတာပေါ့ ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

တဖက်မှာ တူချယ် ဟာ ယခင် အင်တာဗျူး ၊ သတင်းစာ ရှင်းလင်းပွဲ အချို့မှာ ဗြိတိန် ပေါ့ပ်အဖွဲ့ ဖြစ်တဲ့ ABBA ကို ဘယ်လောက်ထိ ရူးရူးမူးမူး အားပေးခဲ့တဲ့ အကြောင်း ပြောခဲ့ဖူးပါတယ် ။ သူ့ရဲ့ နည်းစနစ်တွေမှာ ထို ပေါ့ပ်အဖွဲ့ရဲ့ လွှမ်းမိုးမှု က ဘယ်လိုဘယ်ပုံ ရှိခဲ့တယ် ဆိုတာကိုလည်း ရှင်းလင်းခဲ့ဖူးပါတယ် ။

ဆရာအရင်း ရန်းနစ် ပရီးမီးယားလိဂ်သို့ ရောက်လာတော့မှာ ဖြစ်လို့ ၊ ၎င်းရဲ့ အကြိုက်နဲ့ နည်းစနစ် ကို ပြောင်းလဲဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး တူချယ် က ” ပထမဆုံး အနေနဲ့ ကျွန်တော် ABBA အဖွဲ့ကို ကြိုက်တယ် ဆိုတာ အဲဒီက အဆိုတော်ကို သဘောကျလို့ပါ ။ အဲဒီ အချိန်တုန်းက ကျွန်တော် ဟာ ပထမနှစ် တက္ကသိုလ် ကျောင်းသား အရွယ် ဖြစ်ခဲ့ပါတယ် ။ ”

” ဒီတော့ ကျွန်တော် သူတို့ရဲ့ အယ်လ်ဘမ်တွေကို ဝယ်ယူ အားပေးဖြစ်ခဲ့တယ် ၊ စသဖြင့်ပေါ့ ။ ဘောလုံးမှာတော့ ခင်ဗျား ဟာ ABBA အဖွဲ့လို နူးနူးညံ့ညံ့ ကစားနေမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် မှာ တရာသီလုံး အောင်အောင်မြင်မြင် ကျော်ဖြတ်ချင်မှ ကျော်ဖြတ်နိုင်ပါလိမ့်မယ် ။ ”

” ကျွန်တော်တို့ဟာ တူရိယာတိုင်းကို အသုံးပြုချင်ပါတယ် ။ မော်ဒန် ဘောလုံး လောကမှာ တောင်းဆိုမှုတွေက အရမ်း များလွန်းပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ၊ ဝက်ဖို့ဒ် ၊ လိဒ်စ် စသဖြင့် နည်းစနစ် ချဉ်းကပ်ပုံ မတူညီတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ၊ ခင်ဗျား ဟာ ကိုယ်ပိုင် ကစားပုံ စတိုင်လ်ကိုတောင် လိုအပ်သလို ပြောင်းလဲရတာပါပဲ ။ ဒီအတွက် ကျွန်တော်တို့မှာ ဖြေရှင်းချက် ရှိရပါမယ် ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR