မန်ယူနိုက်တက် ယာယီနည်းပြရာထူး အတွက် အသင့်တော်ဆုံးသူကို ပြောပြလိုက်တဲ့ ရှမိုက်ကယ်

နည်းပြ အိုလီဂန်နာဆိုးရှားဟာ ပြီးခဲ့တဲ့ စနေနေ့က ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မန်ယူနိုက်တက် နည်းပြရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း ဖြစ်သူ မိုက်ကယ်ကားရစ်ဟာ လက်ရှိမှာ ကလပ်ကို ယာယီကိုင်တွယ်ပေးနေပေမယ့် ပရီးမီးယားလိဂ် အင်အားကြီး ကလပ်ဟာ ရာသီကုန်ထိ အသင်းကို ဦးဆောင်ပေးမယ့် ယာယီနည်းပြ တစ်ဦးကို ခန့်အပ်သွားဖို့ ရည်ရွယ်နေပါတယ်။

ရီးရဲယ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်းဇိဒန်းဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့်လည်း ယူနိုက်တက် နည်းပြ ရာထူးကို စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရကာ ကလပ်ရဲ့ ကာလရှည် ပစ်မှတ်ဖြစ်တဲ့ တော့တင်ဟမ် နည်းပြဟောင်း ပိုချက်တီနို ကတော့ ဒီရာထူးကို စိတ်ဝင်စားနေပေမယ့် အနည်းဆုံး ရာသီကုန်ထိတော့ ပီအက်ဂျီကို ဆက်လက် ကိုင်တွယ် သွားဖို့ ရှိနေပါတယ်။

ရှမိုက်ကယ် ကတော့ ကလပ်ရဲ့ အကြောင်းကို ကောင်းကောင်း သိထားသူကိုသာ ရာသီကုန်ထိ ကိုင်တွယ်စေရန် အလိုရှိနေပြီး ရာသီကုန်ချိန်မှာတော့ ပိုချက်တီနိုကို ခန့်အပ်သွားရန် အကြံပေးလိုက်ပါတယ်။ ရှမိုက်ကယ်က မန်ယူနိုက်တက် ဟီးရိုး တစ်ဦး ဖြစ်ပြီး နယူးကာဆယ် နည်းပြဟောင်းလည်း ဖြစ်တဲ့ စတိဘရုစ်ဟာ အိုးထရပ်ဖို့ဒ် ကလပ်ရဲ့ ယာယီနည်းပြ ရာထူး အတွက် အသင့်တော်ဆုံးသူ ဖြစ်တယ်လို့ ထောက်ခံ သွားပါတယ်။

ဘရုစ်ဟာ ကစားသမား အဖြစ် အိုးထရပ်ဖို့ဒ်မှာ ၁၀ စုနှစ် နီးပါး ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း နယူးကာဆယ် ဘာမင်ဂမ် ဆန်းဒါးလန်း ဟူးစီးတီး နဲ့ ဗီလာ တို့ကို ကိုင်တွယ်ခဲ့ပါတယ်။

ရှမိုက်ကယ်က “ကျွန်တော် ကတော့ အသင်းကို ရောက်လာတာနဲ့ ကစားသမားတွေကို ချက်ချင်း ဖိအားတွေ ပေးသွားနိုင်မယ့် သူမျိုးကို အလို ရှိပါတယ်။ voice အသစ်နဲ့ ဒီကစားသမားတွေ ဆီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ယူနိုင်တဲ့ သူမျိုးပါ။ ပြီးတော့ နွေရာသီမှာ ယူနိုက်တက်တို့ အမှန်တကယ် အလိုရှိတဲ့ တကယ့် နည်းပြသစ် ရောက်မလာမီ အသင်းရဲ့ ကစားဟန် နဲ့ system ကို များစွာ အပြောင်းအလဲ မလုပ်ဘဲ ဆက်လက် ခရီးဆက်စေမယ့် သူပါ။

ပထမဦးစွာ ဒီအသင်းဟာ ခံစစ်ကို ကောင်းကောင်း ကစားတက်အောင် အလုပ်လုပ်သွားရမှာ ဖြစ်ပြီး ဒါမှသာ ဂိုးတွေ ဆက်တိုက် ပေးမနေရမှာပါ။ ယခုလို ပုံစံအတိုင်း ဂိုးတွေ ဆက်တိုက် ပေးနေရလို့ မဖြစ်ပါဘူး။ ယူနိုက်တက်ကို ဘယ်သူပဲ ရောက်လာသည် ဖြစ်စေ ဒီကနေ စတင်သွားဖို့ လိုပါတယ်။ ဒီအသင်းနဲ့ ပက်သက်ပြီး ဖြေးဖြေးချင်း ခြေလှမ်း သွားရမှာပါ။ အသင်းကို ရောက်လာလာခြင်းမှာပဲ ငါတို့ pressing game ကစားသွားမယ် ဆိုပြီး လုပ်သွားလို့ မရနိုင်ပါဘူး။

ဒီလို လုပ်ဖို့ မရနိုင်ပါဘူး။ ပထမဦးဆုံး လုပ်သွားရမယ့် အရာ ကတော့ အသင်းမှာ ရှိတဲ့ သူတွေ အားလုံးကို ယုံကြည်မှု ပြန်ရအောင် လုပ်သွားရမှာပါ။ အကယ်၍ ယာယီနည်းပြ ခန့်သွားမယ်ဆိုရင် ကလပ်အကြောင်းကို သိတဲ့သူပဲ ဖြစ်သင့်ပါတယ်။ ကလပ် အကြောင်းကို ကောင်းကောင်း သိထားတဲ့ သူကိုပဲ ခေါ်ယူလိုက်ပါ။ စတိဘရုစ်လို နည်းပြမျိုးဟာ ယာယီနည်းပြ ရာထူးနဲ့ အရမ်းကို သင့်တော်မှာပါ။” လို့ ပြောသွားပါတယ်။

ဘရုစ်ဟာ လွန်ခဲ့တဲ့ အောက်တိုဘာလက နယူးကာဆယ်ကို ဆော်ဒီကျောထောက်နောက်ခံ စီးပွားရေး အုပ်စု လွှဲပြောင်း ရယူခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပြီး ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရာထူးကို စိတ်ဝင်စားမှု ရှိနိုင်ပါတယ်။

SM