မန်ယူနိုက်တက် နဲ့ ပွဲကျရင် ရော်နယ်ဒိုနဲ့ အားပြိုင်ပြီး သူ့ရဲ့လက်စွမ်းကို စမ်းသပ်ချင်တယ်လို့ ဖွင့်ဟလာတဲ့ ရမ်စ်ဒဲလ်

အာဆင်နယ် အသင်းဟာ လာမယ့် အပတ်တွင် အိုးထရက်ဖိုဒ့်ကွင်းကြီးမှာ မန်ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ဂိုးသမား ရမ်စ်ဒဲလ် ကတော့ ယူနိုက်တက် နဲ့ တွေ့ရင် ရော်နယ်ဒို ရဲ့ခြေစွမ်း အမြင့်ဆုံး ဖြစ်နေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ အာရွန် ရမ်စ်ဒဲလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရသူပါ ။


ဒါပေမယ့်လည်း ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒဲလ် ဟာ ပရီးမီးယားလိဂ် ၉ ပွဲ ပွဲထွက် ကစားရာမှာ Clean-Sheet ၅ ပွဲ အထိ ရယူ ထားနိုင်ပြီး ထိပ်တန်း ကာကွယ်မှုတွေ အများအပြား ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒီတစ်ပတ် အပြီး နောက်အပတ်မှာတော့ ရမ်စ်ဒဲလ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု အဖြစ် Ballon d’Or ငါးဆုရှင် ရော်နယ်ဒို နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် ခရစ်တီယာနို ရော်နယ်ဒို ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက် အသင်းကို တစ်ကျော့ပြန် ပြန်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၀ ဂိုး အထိ သွင်းယူ ပေးထားနိုင်ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ဂိုးသမား ရမ်စ်ဒဲလ် က Amazon’s Black Friday Live event မှာ ” ရော်နယ်ဒို နဲ့ ရင်ဆိုင် ကစားရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး ၊ ဒါပေမယ့် သူ ကျွန်တော်တို့နဲ့ ကစားရမယ့်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ် ၊ သူနဲ့ ရင်ဆိုင် ကစားရတာက ကိုယ့်ကိုယ့်ကိုယ် စမ်းသပ်ဖို့ အခွင့်အရေး တစ်ခုလို့ ယူဆထားပါတယ် ။ ”

” အိုးထရက်ဖိုဒ့် ကွင်းကြီးမှာ သွားရောက်ကစားပြီးတစ်စုံတစ်ယောက်ကို အသာစီး ယူပြနိုင်တာလောက်ကောင်းမွန်တဲ့ ခံစားချက် ရှိမယ် မထင်ပါဘူး ။ ရော်နယ်ဒို လို ကစားသမား နဲ့ အပြိုင် တိုက်ခိုက် အားပြိုင်ခွင့် ရခဲ့တယ်လို့ ပြောလို့ ရမယ့် အခွင့်အရေးပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရော်နယ်ဒို နဲ့ ရင်ဆိုင် ကစားချင်တဲ့ နောက်ထပ် အာဆင်နယ် ကစားသမား တစ်ဦး ရှိနေပါသေးတယ် ။ သူကတော့ ဘန်ဝှိုက်ပါ ။ ဘန်ဝှိုက် က Arsenal Twitch Channel နဲ့ အင်တာဗျူးမှာ ဘယ်အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံဖို့ စိတ်လှုပ်ရှား နေသလဲ ဆိုတဲ့ မေးခွန်းကို ” ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ရင်ဆိုင် ကစားချင်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတာ ခင်ဗျားလည်း သိမှာပါ ။ ”

ဘော်လွန်းဒီအော်ဆု ငါးကြိမ်ရ ရော်နယ်ဒို ကို ထိန်းချုပ်နိုင်မယ်လို့ ထင်လား ဆိုတဲ့ မေးခွန်းကို ” ကျွန်တော် အဆင်ပြေပြေ ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြန်လည် ဖြေကြား ခဲ့ဖူးပါတယ် ။

SM