မန်ယူနိုက်တက် နည်းပြသစ် ဖြစ်လာပါက ဘရန်ဒန်ရော်ဂျာ ပထမဦးဆုံး လုပ်သွားရမယ့် အရာကို ပြောပြလိုက်တဲ့ ကာတန်ကိုးလ်

မန်ယူနိုက်တက် အသင်းဟာ မနေ့ညက ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အိုလီဂန်နာဆိုးရှားဟာ ယနေ့ညမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်ဟာ ရော်နယ်ဒို ဆန်ချို ဗာရန်း တို့ကို အားဖြည့်ခဲ့တာကြောင့် ပရိတ်သတ်တွေ အားလုံး စိတ်လှုပ်ရှားခဲ့ကြပေမယ့်လည်း လက်ရှိ အချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၁၂ မှတ်ထိ ကွာဟသွားကာ top 4 ဝင်ဖို့တောင် မရေရာတဲ့ အခြေအနေ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးမှာ အိုလီ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နော်ဝေးနည်းပြရဲ့ နေရာကို အစားဝင်လာဖို့ ရေပန်းစားသူတွေ ထဲမှာ လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာလည်း ပါဝင်နေကာ ဝက်ဟမ်း တိုက်စစ်မှုးဟောင်း ကာတန်ကိုးလ်က လီဗာပူး နည်းပြဟောင်း အနေနဲ့ ယူနိုက်တက် နည်းပြရာထူးကို ရရှိခဲ့မယ် ဆိုရင် ပထမဦးဆုံး လုပ်ဆောင်သွားရမယ့် အရာတွေထဲက တစ်ခုကို အကြံပေးလိုက်ပြီး ဒါကတော့ ခရစ်စတီယာနိုရော်နယ်ဒိုကို ရှင်းထုတ်ဖို့ပဲ ဖြစ်ပါတယ်။

ကာတန်ကိုးလ်က “လက်စတာ ပရိတ်သတ်တွေကတော့ ကျွန်တော့်ကို မုန်းတီးနေကြမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဘရန်ဒန်ရော်ဂျာဟာ အိုးထရပ်ဖို့ဒ်ကို သွားလိမ့်မယ်လို့ ခံစားမိနေတဲ့ အပြင် သူဟာ မန်ယူနိုက်တက် နည်းပြရာထူး အတွက် မှန်ကန်သင့်တော်တဲ့သူလို့ ထင်ပါတယ်။ အဲဒီကို ရောက်ရင် ရော်နယ်ဒိုကို ရှင်းထုတ်လိုက်ပါ။ ရော်ဂျာ အနေနဲ့ အရင်ဦးဆုံး ရော်နယ်ဒိုကို ရှင်းထုတ်သွားရမှာပါ။ အကြောင်းရင်းကတော့ ဘရန်ဒန်လို နည်းပြမျိုးဟာ အနာဂတ် အတွက် အသင်းကို တည်ဆောက်သွားချင်လို့ ဖြစ်ပါတယ်။

သူတို့မှာ ဒီရာသီ ကစားခွင့်တောင် သိပ်မရတဲ့ အရမ်းကောင်းတဲ့ ကစားသမား တစ်ချို့ ရှိနေပါတယ်။ ပြီးတော့ ဘယ်လင်ဟမ်ကို ခေါ်ယူလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ရော်ဂျာ အနေနဲ့ အနာဂတ် အတွက် စီစဉ်သွားရမှာ ဖြစ်ပြီး ရော်နယ်ဒိုဟာ မန်ယူနိုက်တက်ရဲ့ အနာဂတ်လား? ရော်ဂျာ ဘယ်လို ကစားချင်သလဲ ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူဟာ high press high energy ဘောလုံး မရှိချိန် အပြင်းအထန် အလုပ်လုပ်မှု တွေကို နှစ်သက်ပါတယ်။ သူဟာ ကိုယ့် system နဲ့ ကိုက်ညီမှု မရှိတဲ့ သူတွေကို ရှင်းထုတ်ပါလိမ့်မယ်။ သူ ဒီလို လုပ်သွားရမှာပါ။ မဟုတ်ဘူးဆိုရင် သူ အဲဒီမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။” လို့ ဆိုသွားပါတယ်။

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ယူနိုက်တက် အတွက် သွင်းဂိုးတွေ ရယူပေးခဲ့သူ ဖြစ်ပေမယ့် pressing နဲ့ ဘောလုံး ပြန်လည် ရယူမှု အပိုင်းတွေမှာ အားကိုးမရတဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကိုးလ်က ရော်ဂျာ အနေနဲ့ ရော်နယ်ဒိုကို ရှင်းထုတ်သွားဖို့ကလွဲပြီး အခြား အခွင့်အရေး မရှိဘူးလို့ ယုံကြည်နေတာပါ။

ကာတန်ကိုးလ်က “ရော်နယ်ဒိုဟာ အမြဲတမ်း ဂိုးတော့ သွင်းယူပေးနိုင်မှာပါ။ ဒါပေမယ့် အသင်းဟာ သူ့ရဲ့ strength နဲ့ ကစားသွားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အားနဲ့ ကစားခြင်းဟာ မန်ယူနိုက်တက်ရဲ့ အင်အားနဲ့ ကစားခြင်း မဟုတ်ပါဘူး။ မန်ယူနိုက်တက်ဟာ high pressing team ဖြစ်ဖို့ လိုအပ်ပါတယ်။ သူတို့ စွမ်းအင်တွေ လိုပါတယ်။ ရိုးရိုးသားသား ပြောရရင် ပြီးခဲ့တဲ့ ရာသီက သူတို့ဆီမှာ ဒါမျိုးကို မြင်ခဲ့ရပါတယ်။ အဲဒီနောက် ရုတ်တရက်ကြီး ရော်နယ်ဒို ရောက်လာခဲ့ပါတယ်။ ရော်နယ်ဒိုလို ကစားသမားမျိုးကို အသင်းကို ရောက်လာမယ့် အခွင့်အရေးကို ပယ်ချဖို့က မဖြစ်နိုင်ပါဘူး။

 

အိုလီ အနေနဲ့ ရော်နယ်ဒိုကို အားဖြည့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ကစားပုံမျိုးကို ပြန်ရအောင် ဘယ်လို လုပ်သွားရမလဲ မသိ ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ အဓိက ကစားသမား ဖြစ်နေပါတယ်။ သူဟာ ဂိုးတွေ များစွာ သွင်းယူပေးမှာ ဖြစ်ပြီး အရေးပါတဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အသင်းကို သိပ်ပြီး အကူအညီ မဖြစ်စေခဲ့ပါဘူး။ ရော်နယ်ဒို ရောက်လာခဲ့တဲ့ မန်ယူနိုက်တက် အသင်းဟာ ဒီရာသီ ကစားပုံ ဆိုးရွားခဲ့ပါတယ်။”

ဆက်လက်ပြီး ကိုးလ်က “ရော်ဂျာ အနေနဲ့ မန်ယူနိုက်တက် နည်းပြ မဖြစ်လာစရာ အကြောင်းမရှိပါဘူး။ သူဟာ လီဗာပူး နည်းပြဟောင်း ဖြစ်ခဲ့တာတော့ အမှန်ပါ။ ဒါပေမယ့် လက်ရှိမှာ မန်နေဂျာတွေဟာ နေရာစုံ လှည့်ကာ ကျင်လည်ကျက်စား နေကြပါတယ်။ ထိပ်တန်း မန်နေဂျာတွေဟာ နေရာတိုင်းကို အခု သွားနေပါတယ်။ အကယ်၍ သူတို့ကို ကလပ်ဘက်က အလိုရှိပြီး သူတို့ရဲ့ ကစားဟန်ကို အသုံးချချင်တယ် ဆိုရင် သူတို့ သွားပါတယ်။

တကယ်တော့ ဒီအချိန်မှာ ဘရန်ဒန်ရော်ဂျာဟာ မန်ယူနိုက်တက်နဲ့ အကိုက်ညီဆုံး နည်းပြပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စတိုင်ဟာ ပြီးခဲ့တဲ့ ရာသီက အိုလီရဲ့ လက်အောက်က မန်ယူနိုက်တက်ရဲ့ ကစားဟန်မျိုး ဖြစ်ပြီး သူဟာ နောက်ထပ် knowledge တွေနဲ့ အသင်းကို ထပ်ပေါင်းထည့် ပေးပါလိမ့်မယ်။”

SM