မန်ယူနိုက်တက်ဖက်ကို လက်ဆောင်ဂိုး ပေးခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့်ဖက်မှ ကာကွယ် ပြောဆိုလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာ လောလောလတ်လတ် နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ဒါဟာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ပြေးလမ်းကြောင်းမှာ အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာ ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အသာ ၊ ဘောလုံး ဖြန့်ဝေမှု အသာ အစရှိတဲ့ အခန်းကဏ္ဍ ပေါင်းစုံမှာ ပြတ်ပြတ်သားသား လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ၊ ရလာတဲ့ half-chance အချို့ကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး ။

ပိုဆိုးခဲ့တာ က ဒုတိယပိုင်း အစလေးမှာပဲ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ မန်ယူနိုက်တက်ဖက်က ထောင့်ကန်ဘော ရှင်းထုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို ဖမ်းထိန်းဖို့ ကြိုးစားရင်း ၊ မပီမပြင် ဖြစ်ခဲ့တာက တဆင့် တန်ပြန်တိုက်စစ် ဆင်ဖို့ တက်လာတဲ့ ယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒင် ဆန်ချိုကို အလကား လက်ဆောင်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ် ။

ဒီအမှား က ချဲလ်ဆီး ကို ဖိအား အကြီးကြီး ဝင်စေခဲ့ပြီး ၊ အနိုင်ရလဒ်နဲ့ comeback နိုင်ဖို့ထက် ၊ သရေ တမှတ်ပင် ပင်နယ်တီ ကန်ခွင့်ကနေသာ ပြန်ရခဲ့တဲ့ အထိ ရုန်းကန်ရစေခဲ့ပါတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ယင်း မဟာ အမှားကို ကျူးလွန်းခဲ့တဲ့ ဂျော်ဂျင်ဟို ဖက်ကနေ အခုလိုပဲ ကာကွယ် ပြောဆိုခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ဒါဟာ ဂျော်ဂျီ အတွက် ပုံမှန် မဟုတ်တဲ့ အမှား တခု ၊ အသင်း အတွက်လည်း ပုံမှန် မဟုတ်တဲ့ အနေအထား ကနေ ပေးခဲ့ရတဲ့ ဂိုးတဂိုးလည်း ဖြစ်ပါတယ် ။ ကျွန်တော် ကတော့ သူဟာ အခြေအနေ အပေါ် သုံးသပ်ပုံ လွဲမှားသွားခဲ့တာလို့ ထင်ပါတယ် ။ ”

” နောက်ပြီး သူဟာ မီးဆလိုက်ကြောင့် ပြန်ကျလာတဲ့ ဘောလုံး ကို ကောင်းကောင်း မမြင်ခဲ့ပါဘူး ။ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ ဒါပေမယ့် ပင်နယ်တီ ကန်ဖို့ တာဝန်ယူရတဲ့ အချိန်မှာတော့ သူဟာ အဲဒီ အမှား အကြောင်း တွေးမနေပဲ ၊ အရေးပါတဲ့ အခိုက်အတန့်မှာ ကိုယ့်တာဝန် ကိုယ် ရဲရဲဝံ့ဝံ့ ယူသွားခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် ပျော်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ မန်ယူနိုက်တက် ကို သရေသာ ကစားနိုင်ခဲ့ပေမယ့် ၊ လက်ရှိ အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပြီး ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” လက်ရှိ ကျွန်တော်တို့ရဲ့ ရပ်တည်မှု အခြေအနေ အပေါ် ဘာကြောင့် မပျော်ရွှင်ပဲ နေပါ့မလဲ ။ ဒီနေ့ပွဲ က အသင်းရဲ့ ကစားပုံ ၊ ကြိုးစား အားထုတ်မှုတွေ အပေါ် အားရ ကျေနပ်မှု ရှိပါတယ် ။ ”

” ဒါဟာ အောင်မြင်မှု ဆာလောင် ပြင်းပြနေတဲ့ ၊ ရည်မှန်းချက် အပြည့်အဝ ရှိတဲ့ အသင်း တသင်း အသွင် ဖြစ်ပါတယ် ။ ဒီလို အသင်းမျိုး ကို ကိုင်တွယ်ခွင့် ရတာ ၊ ကြည့်ရှုရတာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ် ။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ ယူဗီကို ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တုန်းကလို ကစားနိုင်ခဲ့ပါတယ် ။ ”

” ကွာသွားတာ က အဲဒီပွဲမှာ အဖွင့် ဦးဆောင်ဂိုး ရထားတဲ့ အချိန် ၊ မိုရာတာရဲ့ ကန်ချက် ကို သီယာဂို ဂိုးစည်းပေါ်က ရှင်းထုတ်သွားခဲ့လို့ ၊ ပွဲအခြေအနေ အပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့တာပါပဲ ။ ဒါပေမယ့် ဘောလုံးမှာ ဒီလို အခိုက်အတန့်မျိုးတွေက ဖြစ်နေကျပါ ။ ”

” ဒီနေ့ပွဲက အမှားမျိုး ကျွန်တော်တို့လည်း ဘယ်ကြုံချင်ပါ့မလဲ ။ ဒီလို စွမ်းဆောင်ရည်မျိုးကနေ ကျွန်တော်တို့ဟာ အကျိုးအမြတ် ရအောင်ပဲ ကြိုးစားကြတာပါ ။ ဒါပေမယ့် အသင်းသားတွေရဲ့ ကစားပုံ အပေါ် ကျွန်တော် လုံးဝ ကျေနပ်မှု ရှိပါတယ် ။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ အခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့တယ် ၊ ဘောလုံး ပေးပို့မှု ၊ ဂိုးပေါက် ခြိမ်းခြောက်မှု များစွာ လုပ်နိုင်ခဲ့ပါတယ် ။ ”

” အခုထက် ပိုပြီး ရလဒ် ကောင်းခဲ့သင့်သလား ဆိုရင်တော့ yes လို့ ကျွန်တော် ဖြေရမှာပါ ။ နားထောင် ၊ ကျွန်တော်တို့ ဒီနေ့ပွဲမှာ ဘယ်လောက်ထိ ကြိုးစား အားထုတ်ခဲ့တယ် ဆိုတာ ပရိသတ်တွေရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ် ။ ဒီတော့ ရလဒ်က လွဲရင် ကျန်တာ အကုန် မှန်ကန်မှု ရှိခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲ ရလဒ် က ကျွန်တော်တို့ဖက် မျက်နှာသာ မပေးခဲ့ပါဘူး ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ ကောင်းခဲ့ပေမယ့် ၊ ဒီနေ့ ရလဒ် ကို ကျွန်တော်တို့ဖက်က လက်သင့်ခံရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR