မန်ယူနိုက်တက်နဲ့ ပွဲမှ ခြေစွမ်း နုံချာခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦး အပေါ် အပြိုင် ဝေဖန်ခဲ့ကြတဲ့ ဟက်ဆယ်ဘိန့်နဲ့ ရွိုင်ကိန်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ Super Sunday ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ရဲ့ Big Match မှာ နောက်ဆုံး ပရီးမီးယားလိဂ် ၇ပွဲမှာ ၁ပွဲသာ နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ နောက်ကနေ လိုက်ကစားခဲ့ရပြီး ၊ တဖက် တဂိုးစီ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ဒဏ်ရာကြောင့် ပွဲမထွက်တာ တလလောက် ရှိခဲ့ပြီ ဖြစ်တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ကို တိုက်စစ်မြားဦးမှာ အထောင်ထား ကစားစေခဲ့ပါတယ် ။ ထိုမတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ယူဗင်တပ်နဲ့ ပွဲမှာ ဗာနာ ဟာ လူစားဝင်ပြီး တဂိုး သွင်းယူပေးခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ၎င်းဟာ တူချယ်ရဲ့ ယုံကြည်မှု ကို ပြန်လည် ရရှိခဲ့ကာ ၊ ပွဲထွက်ခွင့်နဲ့ ပြန်လည် ချီးမြှောက်ခြင်း ခံခဲ့ရပေမယ့် ၊ ဆန္ဒနဲ့ လက်တွေ့ကျတဲ့ စွမ်းဆောင်ရည်မျိုးနဲ့တော့ ပေးဆပ်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဗာနာ ဟာ မနေ့ည က ပွဲမှာ ဒုတိယပိုင်း အတွင်း ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်း ၂ကြိမ်ကို လက်လွတ်စပယ် ဖြုန်းတီးခဲ့ပါတယ် ။

တကြိမ်မှာ ထောင့်ကန်ဘောမှ ပြန်လျှံကျလာတဲ့ အလုံး ကို အလွတ် volley ထောင့်ဖြတ် ကန်ခွင့် ရခဲ့ပေမယ့် ၊ ဂိုးပေါက်နဲ့ ခပ်လှမ်းလှမ်းကို ထွက်သွားခဲ့ပါတယ် ။ နောက်တကြိမ်မှာတော့ ၎င်းဟာ လျင်လျင်မြန်မြန် အဆုံးသတ် မကန်နိုင်ခဲ့တာကြောင့် ၊ မန်ယူနိုက်တက် နောက်ခံလူ အာရွန် ဝမ်ဘစ်ဆာကာရဲ့ တားဆီးမှုကို ခံခဲ့ရပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့် နဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း တို့ကတော့ တလအကြာမှ ပွဲပြန်ထွက်ခွင့် ရခဲ့တဲ့ ဗာနာ ဟာ မနေ့ည က ပွဲမှာ ခြေစွမ်း အလွန် ဆိုးရွားခဲ့ကြောင်း ဝေဖန်ရင်း ၊ ရခဲ့တဲ့ ဂိုးသွင်းခွင့် ၂ကြိမ်မှာ အနည်းဆုံးတော့ ဂိုးပေါက်တော့ တည့်မတ်ခဲ့သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဟက်ဆယ်ဘိန့် က ” လုံးဝ လုံးဝ နုံချာတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ် ။ ဘောလုံး ခြေထဲမှာ ရှိတဲ့ အချိန်မှာရော ၊ မရှိတဲ့ အချိန်မှာပါ သူ့ရဲ့ ကစားပုံ က အလွန့်အလွန် ဆိုးရွားလွန်းခဲ့ပါတယ် ။ ပုံမှန်ဆို ဗာနာ ဟာ အနည်းဆုံးတော့ အပြေးအားနဲ့ အတူ ကစားတဲ့ နေရာမှာ ကောင်းလေ့ရှိပါတယ် ။ ”

” ဒါပေမယ့် သူ အဲဒါတောင် ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး ။ အဆုံးမှာတော့ ခင်ဗျား ဟာ နံပါတ် ၉ နေရာမှာ ကစားနေတာ ဖြစ်လို့ ၊ ကိုယ်ရတဲ့ ဂိုးသွင်းခွင့်တွေကို ဘယ်လောက်ထိ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်မလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ဝေဖန် အကဲဖြတ်ခြင်း ခံရမှာပါပဲ ။ ဒီနေ့မှာ သူ့ရဲ့ စွမ်းဆောင်ရည် က လုံလောက်မှု မရှိခဲ့ပါဘူး ။ ”

” သူ့အနေနဲ့ ဒီလို အခွင့်အရေးမျိုးတွေကို ဂိုးအဖြစ် ပြောင်းလဲပစ်ဖို့ လိုနေပါပြီ ။ ဒီလို အပိုင် အခွင့်အရေးတွေကို ဖြုန်းတီးနေတာ က အသင်းအပေါ် ကြီးကြီးမားမား နစ်နာစေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရွိုင်ကိန်း ကလည်း ” ဗာနာ ဟာ ဒီအခွင့်အရေးတွေထဲက တချို့တဝက် ကို ဂိုးပေါက် တည့်အောင်တောင် မကန်နိုင်ခဲ့ပါဘူး ။ အနည်းဆုံးတော့ ပြိုင်ဖက် ဂိုးသမား အလုပ်ရှုပ်အောင် ၊ ကာကွယ်မှု တခုခု လုပ်ရအောင်တော့ စွမ်းဆောင်နိုင်သင့်ပါတယ် ။ တိုက်စစ်မှူး တယောက် အတွက်က ဂိုးပေါက်တည့်အောင်တော့ ကန်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR