မန်ယူနိုက်တက်တို့ မဖြစ်မနေ ခေါ်ယူသွားရမယ့် ဘွန်ဒက်လီဂါ စတားကို ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဒေ့ါမွန်စတား ဂျူ့ဘယ်လင်ဟမ်ကို ဒုတိယအကြိမ်မြောက် လက်လွှတ် မခံသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ဘာမင်ဂမ် ကနေ ဒေါ့မွန်ကို ပြောင်းရွေ့လာခဲ့ပြီးနောက် ဥရောပရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ်လူတွေ ထဲက တစ်ဦး အဖြစ် ထွန်းတောက်လာခဲ့သူ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ချန်ပီယံလိဂ် နဲ့ ဘွန်ဒက်လီဂါမှာ ဒေါ့မွန် အတွက် ပုံမှန် ပွဲထွက်ခွင့် ရနေတဲ့ အဓိက ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဂါရက်ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါမှာ ပြသနေတဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်ကြောင့် အင်္ဂလန် စတားကို လီဗာပူး အပါအ၀င် ဥရောပ ထိပ်တန်း အသင်းကြီးတွေက စိတ်၀င်တအား စောင့်ကြည့်လျက် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဘယ်လင်ဟမ်ကို ဘာမင်ဂမ် ကနေ ခေါ်ယူဖို့ အတွက် ကြိုးစားခဲ့ပေမယ့်လည်း အင်္ဂလန် ကွင်းလယ်လူဟာ ပွဲကစားခွင့် အာမခံချက် ပိုရှိနေတဲ့ ဂျာမနီကို ပြောင်းရွေ့ရန် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ ဒီရာသီ ကွင်းလယ်ပိုင်း ပြသနာတွေ ကြုံတွေ့နေရပြီး လူတော်တော်များများက ဖရက် ပေါ့ဘာ မက်တိုမီနေး မာတစ် တို့ရဲ့ ကွင်းလယ်ဟာ ယူနိုက်တက်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေလောက်တဲ့ အထိ လုပ်ပေးနိုင်စွမ်း မရှိဘူးလို့ သုံးသပ်ထားကြပါတယ်။

ဖာဒီနန်ကတော့ ဘယ်လင်ဟမ်လို ကစားသမားမျိုးဟာ ဒီပြသနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဖာဒီနန်က “သူဟာ ကွင်းလယ် နေရာစုံမှာ ကစားပေးနိုင်သူပါ။ သူဟာ ဒီလောက် ကောင်းတဲ့သူပါ။ အင်္ဂလန် လူငယ် အသင်းမှာ သူဟာ ကွင်းလယ်ဗဟို ၊ No 8 နဲ့ box-to-box ကွင်းလယ်လူ အဖြစ် ကစားပေးခဲ့ပြီး သူဟာ တိုက်စစ်ပိုင်းကိုလည်း အများကြီး လိုက်ပါ ပံ့ပိုးပေးနိုင်သူ ဖြစ်ပါတယ်။ သူ့ဆီမှာ ကွင်းလယ် နေရာစုံမှာ ကစားပေးနိုင်တဲ့ အရည်အသွေး နဲ့ ကောင်းမွန်တဲ့ စွမ်းအင် ရှိနေပါတယ်။ သူဟာ ဒီလောက်ကို ကောင်းပါတယ်။

သူဟာ အရာအားလုံးကို လုပ်ပေးနိုင်တဲ့သူ အဖြစ် ကျွန်တော် မြင်မိပါတယ်။ လက်ရှိ ဘောလုံးလောကမှာ တိုက်စစ် နဲ့ ခံစစ်ကို ဟန်ချက်ညီညီ လိုက်ပါ ကစားပေးနိုင်ကာ ဒီနှစ်ပိုင်း စလုံးမှာ ကြီးမားတဲ့ သက်ရောက်မှုကို ပေးစွမ်းနိုင်တဲ့ ကွင်းလယ်လူ သိပ်ပြီး များများစားစား ရှိမနေပါဘူး။

ကိုယ့်ရဲ့ အသင်းဟာ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး ကလပ်တွေ ထဲက တစ်ခု ဖြစ်ပြီး သူ့ကို ဒေါ့မွန် ကနေ ခေါ်ယူနိုင်စွမ်း ရှိတဲ့ ဘဏ္ဍာရေး အင်အားကို ပိုင်ဆိုင်ထားခဲ့မယ် ဆိုရင် သူဟာ ထိပ်တန်း အသင်းကြီးတွေ လုံး၀ လက်မလွှတ်သင့်တဲ့ ကစားသမား တစ်ဦး ပါပဲ။” လို့ ထောက်ခံ သွားခဲ့ပါတယ်။

SM