မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ယာယီ နည်းပြ ဖြစ်လာခဲ့တဲ့ ရဲ့လ်ဖ် ရန်းဂနစ်ရဲ့ ပြောစကားများ

မကြာသေးခင်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အဖြစ်မှ အိုလီ ဂန်နာ ဆိုးလ်ရှား လမ်းခွဲခဲ့တဲ့နောက် ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ နာမည်ကြီး နည်းပြ အချို့ ရေပန်းစားခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းကတော့ လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် နဲ့ပဲ ရှေ့ဆက်ခဲ့ပါတယ် ။

အဲ့ဒီကြားကာလ အချိန်တိုလေး အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယာယီ နည်းပြ အဖြစ် RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ်ကို ခန့်အပ်ဖို့ ကြိုတင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ကျယ်လောင်ခဲ့ပါသေးတယ် ။

အခုတော့ ရန်းဂနစ်ဟာ ရာသီကုန် အထိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ တာဝန်ကို ရယူလိုက်ပြီ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းက တရားဝင် ကြေငြာခဲ့လိုက်ပါပြီ ။ ဒါပေမဲ့ သူဟာ အလုပ်လုပ်ခွင့် ပါမစ်တော့ အခုထက်ထိ မရရှိသေးဘူးလို့ သိရပါတယ် ။

လက်ရှိ ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေ အရတော့ ရန်းဂနစ်ဟာ ယူနိုက်တက်တို့ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်ကို ကိုင်တွယ်ဖို့တောင် မသေချာသေးဘူးလို့ သိရပါတယ် ။ ဒီလိုသာဆိုရင် အာဆင်နယ် နဲ့ ပွဲစဉ်ကို လက်ရှိ နည်းပြ တာဝန် ယူထားတဲ့ ကာရစ် ကပဲ ဆက်လက် ကိုင်တွယ်သွားရဖို့ ရှိနေပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ တရားဝင် နည်းပြ ဖြစ်လာခဲ့တဲ့ ရန်းဂနစ် က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း ၊ ယူနိုက်တက်အတွက် အောင်မြင်တဲ့ ဘောလုံး ရာသီ ဖြစ်လာဖို့ အာရုံစိုက်သွားမှာ ဖြစ်ကြောင်း ပထမဆုံး အင်တာဗျူးမှာ ပြောကြားသွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချိတ်ဆက်ခွင့် ရရှိခဲ့တဲ့ အတွက် ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ် ။ ကျွန်တော့် အသင်းကို လက်ကျန် ရာသီတွေမှာ အောင်မြင်တဲ့ အသင်း တစ်သင်း ဖြစ်သွားစေဖို့ အာရုံစူးစိုက်သွားမှာပါ ”

” ဒီအသင်းမှာ ပါရမီကောင်းသူတွေ ပြည့်နေပြီး လူငယ် ၊ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ ဟန်ချက် တစ်ခုလည်း ရှိနေပါတယ် ။ လာမဲ့ 6 လတာ အချိန် ကာလ အတွင်းမှာ ကျွန်တော့်ရဲ့ အားစိုက်ထုတ်မှုတွေအားလုံးက ဒီကစား သမားတွေရဲ့ အကောင်းဆုံးပုံစံတွေကို ဖော်ထုတ်နိုင်ရေး အတွက်ပဲ ဖြစ်သွားမှာပါ ”

” သူတို့ တစ်ဦးချင်းစီ အတွက်ရော ၊ အသင်းလိုက် အတွက်ပါ ပိုကောင်းစေဖို့ ကျွန်တော် အာရုံစိုက်သွားမှာပါ ။ အဲ့တာတွေရဲ့အပြင် ရေရှည်မှာ အသင်းရဲ့ အတိုင်ပင်ခံ အဖြစ်နဲ့ အကူအညီတွေကို ပေးဆောင်သွားဖို့လည်း ရှေးရှုနေပါတယ် ” လို့ ရန်းဂနစ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် အားကစားဒါရိုက်တာ မားတော့ဂျ် ကတော့…

” ရဲ့လ်ဖ် က ဥရောပ ဘောလုံး လောကမှာ လေးစားသမှု အခံရဆုံး ၊ တီထွင်ဆန်းသစ်ဉာဏ် အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးပါ ။ သူက ကျွန်တော်တို့ အသင်းရဲ့ ယာယီ နည်းပြ ရာထူးအတွက် နံပါတ်တစ် ဦးစားပေး အဖြစ် သတ်မှတ်ခံထားခဲ့ရသူ ဖြစ်ခဲ့ပါတယ် ”

  • ” သူဟာ ကျွန်တော်တို့ အသင်းဆီကို ခေါင်းဆောင်နိုင်မှု စွမ်းရည် ၊ နည်းစနစ်ပိုင်း ကြွယ်ဝမှုတွေ ယူဆောင်ပေးနိုင်မယ့်သူ တစ်ဦးပါပဲ ။ သူဟာ စီမံ ခန့်ခွဲမှု ၊ ဘောလုံး နည်းပြမှု အပိုင်းတွေမှာ ဆယ်စုနှစ် လေးခုစာ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားသူ တစ်ဦးပါပဲ “

” အသင်းမှာ ရှိနေတဲ့သူ အားလုံးက ရာသီလက်ကျန် အချိန်ကာလမှာ သူနဲ့ အလုပ်လက်တွဲ လုပ်ဆောင်ဖို့ ရှေးရှုနေကြပါတယ် ။ အဲ့တာပြီးရင်တော့ သူဟာ နောက်ထပ် 2 နှစ် အထိ အသင်းရဲ့ အကြံပေး အဖြစ် ရှိနေဦးမှာပါ ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar