မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းတွေ ကျယ်လောင်နေတဲ့အပေါ် ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးလိုက်တဲ့ ပိုချက်တီနို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက ဒေါ့မွန် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ၊ ရီးယဲမက်ဒရစ် အသင်းမှ ရာဖေးလ် ဗာရန်း ၊ ဂျူဗင်တပ် အသင်းမှ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ခေါ်ယူခဲ့ပါတယ် ။

ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နွေမှာ အဲ့ဒီလို စတား ကစားသမားတွေ ခေါ်ယူခဲ့တဲ့ အတွက် ပရိသတ်တွေထံမှ အသင်းအပေါ် မျှော်လင့်ချက်ထားရှိမှုတွေ ပိုမို များပြားလာခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ဟာ ရာသီအစသာ ခြေစွမ်းတွေ ကောင်းခဲ့ပြီး နောက်ပိုင်းမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့တဲ့ အတွက် အကျိုးဆက် တစ်ခု အနေနဲ့ နည်းပြ ဆိုးလ်ရှားဟာ အသင်းနဲ့ နှစ်ဖက် သဘော တူညီမှု ရယူပြီး ထွက်ခွာခဲ့လိုက်ရပါတယ် ။

ဒီလို အချိန်မှာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ နာမည်ကျော် နည်းပြတွေ အများကြီး ရေပန်းစားခဲ့ကြပါတယ် ။ အဲ့ဒီထဲမှာ ရီးယဲ မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်း ၊ psg နည်းပြ ပိုချက်တီနို ၊ လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာ တို့လည်း ပါဝင်ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ အခုအထိတော့ ယူနိုက်တက် ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ်သာ ရှိနေသေးပြီး ယာယီ နည်းပြ ထပ်မံ ခန့်အပ်ဖို့ အတွက် RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် နဲ့ ကြိုတင် သဘော တူညီမှု ရယူထားနိုင်ခဲ့ပါပြီ ။

အခြားတဖက်မှာတော့ ယူနိုက်တက် ပရိသတ်တွေနဲ့ သတင်း သုံးသပ်သူ အများစုက အမြဲတမ်း နည်းပြ ရာထူး အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲအကြောင်း ကောင်းမွန်စွာ သိရှိထားတဲ့ ပိုချက်တီနို ကိုသာ ခေါ်ယူလိုက်ဖို့ တွန်းအား ပေးနေကြဆဲပါပဲ ။

အခုတော့ PSG အသင်းကို ကိုင်တွယ်နေတဲ့ ပိုချက်တီနို က ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်လာဖို့ သတင်းတွေ ကျယ်လောင်နေမှုနဲ့ ပတ်သက်လို့ သူဟာလက်ရှိပွဲစဉ်တွေ အပေါ်ပဲ အာရုံစိုက်နေကြောင်း ၊ ကောလဟာလဆိုတာက ကောလဟာလသာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖြေခဲ့လိုက်ပါတယ် ။

” ကျွန်တော်က အမြဲတမ်း ဘောလုံး အပေါ်ပဲ အာရုံစိုက်နေခဲ့ပါတယ် ။ ကျွန်တော်တို့ ပွဲစဉ် တွေနဲ့ ကျွန်တော် တို့ရဲ့ အလုပ်အပေါ်ပေါ့ဗျာ ။ အခုလို သတင်းတွေ ဖန်တီးနေခဲ့တာက ကျွန်တော်တို့ မဟုတ်သလို ကျွန်တော်တို့ အသင်းတွေလည်း မဟုတ်ကြပါဘူး ။ ဒါ့ကြောင့် အဲ့တာက ကျွန်တော့် အပေါ် သက်ရောက်မှာ မဟုတ်ပါဘူး ”

” ကျွန်တော် PSG အသင်းအတွက် အာရုံစိုက်နေပါတယ် ။ ကောလဟာလ သတင်းတွေကလည်း သူ့ဟာသူ ထွက်ပေါ်နေခဲ့ပါတယ် ။ အဲ့လို သတင်းတွေ ရောက်လာတာက ကောင်းတော့ ကောင်းပါတယ်။ ကျွန်တော်တို့ အလုပ်တွေ ကောင်းကောင်း လုပ်နိုင်မှ ဒီလို သတင်းတွေ ထွက်မှာလေ ”

” ကျွန်တော် တို့ကတော့ လာမယ့် ပွဲစဉ်တွေ အတွက် တည်ငြိမ်မှုနဲ့ ဆာလောင်မှုတွေ အပြည့်အဝ ရှိနေကြပါတယ် ။ ကောလဟာလ သတင်းတွေဆိုတာက ကျွန်တော်တို့တွေ လိုက်လံ ဖန်တီးနေကြတဲ့ အရာ မဟုတ်ဘူးလေ ။ ဒါဟာ သတင်း တစ်ခုမျှပါပဲ ” လို့ ပိုချက်တီနို က ကောလဟာလ သတင်းတွေကြောင့် အလုပ်ပျက်ခံမှာ မဟုတ်ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar