မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမောက်ကမ အနေအထားကနေ ရုန်းထွက်လိုက်ဖို့ ရော်နယ်ဒိုကို တိုက်တွန်းလိုက်တဲ့ ပေါလ် မာဆင်

အာဆင်နယ် အသင်းရဲ့ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ပေါလ် မာဆင်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရာသီ အကုန်မှာ ဒီအသင်းကနေ ဒုတိယ အကြိမ်မြောက် ထွက်ခွာသွားနိုင်ဖွယ် ရှိကြောင်း ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လွန်ခဲ့တဲ့ တစ်လတာ အချိန်ကာလအတွင်း ရှုံးပွဲတွေ မကြာခန ကြုံတွေ့ခဲ့ရချိန် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကွင်းထဲမှာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာကို အမြဲတမ်းလိုလို မြင်တွေ့ခဲ့ရပါသေးတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ထွက်ခွာသွားခဲ့ပြီး မိုက်ကယ် ကာရစ် ယာယီ နည်းပြ အဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်တို့ နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ နွေအပြောင်းအရွှေ့တုန်းက ဆန်ချို ၊ ဗာရန်း ၊ ရော်နယ်ဒို တို့လို အရည်အသွေးမြင့် ကစား သမားတွေကို ခေါ်ယူထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်းအောက် 12 မှတ် အကွာကို ရောက်ရှိနေပါပြီ ။

လက်ရှိ အချိန်မှာ ယူနိုက်တက်တို့ဟာ အမှတ်ပေး ဇယား အဆင့် 8 နေရာမှာ ရပ်တည် နေခဲ့တဲ့အတွက် ဆုဖလားကို ဆွတ်ခူးရေးထက် အမှတ်ပေး ဇယား ထိပ်သီး လေးသင်း စာရင်း ဝင်ရောက်နိုင်ရေးကိုသာ ဦးစားပေး အားထုတ်ရဖို့ ရှိနေပါတော့တယ် ။

ဒါဟာ ဂိုးတွေ တာဝန်ကျေပွန်စွာ အမြဲလို သွင်းယူပေးနေပေမဲ့ လိုချင်တဲ့ ဆုဖလား အောင်မြင်မှုတွေ ရနိုင်ခြေ နည်းပါးနေခြင်း ၊ ယာယီနည်းပြနဲ့ နှစ်ပါးသွားနေခြင်းက ရော်နယ်ဒိုကို ဒီအသင်းမှာ ဆက်နေဖို့ အခွင့်အရေး နည်းပါးသွားစေလိမ့်မယ်လို့ ပေါလ် မာဆင်က တွက်ဆ နေခဲ့တာပဲ ဖြစ်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းက ယာယီ နည်းပြ လိုအပ်နေတယ် ဆိုတာ တကယ့်ကို ရှက်စရာ ကိစ္စ တစ်ခုပါပဲ ။ ဒီလို ကိစ္စမျိုးတွေကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ နွေမှာ အသင်းကနေ ထွက်ခွာကောင်း ထွက်ခွာ သွားနိုင်ပါ လိမ့်မယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းသာ ထိပ်သီး 4 သင်းစာရင်းထဲ မဝင်ဘူးဆိုရင် ရော်နယ်ဒိုဟာ ဒီလို အသင်းမျိုးမှာ ဆက်လက် တွယ်ကပ်နေမှာတော့ မလောက်ဟုတ်ပါဘူး ။ သူ့ရဲ့ ကစားသမား ဘဝကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာပဲ ကုန်ဆုံးစေမှာပါ ”

” အဲ့တာကြီးက အခုချက်ချက်ချင်းကြီးတော့ ကြောက်မက်ဖွယ် ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး ။ ယူနိုက်တက်ရဲ့ အနေအထားက သပွတ်အူ တစ်ခုလို ဖြစ်နေပါပြီ ။ ဒီတစ်ပါတ်လည်း သူတို့တွေဟာ ချဲလ်ဆီးရဲ့ ရက်စက်မှုကို ခံရကောင်း ခံရနိုင်ပါသေးတယ် ”

” ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသာ ရလဒ်တွေ ပြန်ကောင်းပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်မယ်ဆိုရင် ရော်နယ်ဒို ဆက်နေဖြစ်လိမ့်မယ် လို့ ကျွန်တော် ထင်မိပါတယ် ။ ဒါပေမဲ့ သူ့ကို ခေါ်ယူကတည်းက ဒါဟာ အသင်းကို ဆုဖလားတွေနဲ့ ပိုဝေးကွာစေမှု ဖြစ်သွားစေလိမ့်မယ်လို့ ပြောဖြစ်ခဲ့ပါသေးတယ် ။ အခု အဲ့လို ဖြစ်နေပါပြီ ”

” သူက ပြသနာ တစ်ခုလို ဖြစ်နေပါပြီ ။ ယူနိုက်တက်တို့ သူ့ကို မခေါ်ခင် ဆိုးလ်ရှား မှာ plan တစ်ခု ရှိနေခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူ့ကို ခေါ်လိုက်လို့ plan တွေ ပျက်သွားခဲ့ရပါတယ် ။ သူ့ကို ခေါ်တာ ဆိုးလ်ရှား အတွက် အလုပ် မဖြစ်ခဲ့ရပါဘူး ” လို့ ပေါလ် မာဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar