မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အသင်းဖော်တွေထံ သတိပေးစကား ဆိုရင်း ၊ ခက်ခဲတဲ့ ပြိုင်ဖက် ၃ သင်း အမည်ကို ပြောပြလိုက်တဲ့ မေဆွန်မောင့်

ချဲလ်ဆီး အသင်း ဟာ ယနေ့ည Super Sunday ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားသွားဖို့ ရှိနေပါတယ် ။ အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်နိုင်ဖို့ အိမ်ရှင် ချဲလ်ဆီးတို့ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့တော့ လိုနေပါတယ် ။

မန်ယူနိုက်တက် ကတော့ လောလောလတ်လတ် နည်းပြ အပြောင်းအလဲ ဖြစ်ထားပြီး ၊ ယခင် နည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှား အစား ၊ caretaker အဖြစ် လက်ထောက် နည်းပြ မိုက်ကယ် ကာရစ်ကို တာဝန်ပေးထားကာ ၊ ယာယီ နည်းပြသစ် အဖြစ် ရှော်လ်ကာ နည်းပြဟောင်း ရပ်လ်ဖ် ရန်းနစ် ကို ရာသီကုန် အထိ ဆက်လက် တာဝန်ပေးမှာ ဖြစ်ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ယူနိုက်တက် ဟာ ဗီလာရီးရဲလ် အသင်းကို စပိန်မြေမှာ ၀ – ၂ ရလဒ်နဲ့ အနိုင်ရပြီး ၊ ရလဒ်ကောင်းနဲ့ ပြန်လည် စတင်ထားတာကို တွေ့ရပါတယ် ။ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ အသင်းတိုင်း ဟာ ရလဒ်ကောင်း တခုခု ရဖို့ တုန့်ပြန်မှုကောင်း တခုခု ပြသလေ့ ရှိတယ် ဆိုတာ ချဲလ်ဆီး အနေနဲ့ သတိထားဖို့ လိုအပ်မှာ အသေအချာ ဖြစ်ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်နဲ့ တွေ့ဆုံခဲ့တဲ့ Sky Sports အင်တာဗျူး အစီအစဉ် တခုမှာ ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့် က ၎င်းတို့ဟာ ဒီနှစ် အတွင်း နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့တဲ့ အသင်း ဖြစ်တာကြောင့် ၊ မန်ယူနိုက်တက်ဖက်က ဘယ်လိုဘယ်ပုံ တုန့်ပြန်နိုင်တယ် ဆိုတာ သိထားကြောင်း ဖွင့်ဟရင်း ၊ ယူနိုက်တက် ကို လျှော့မတွက်ဖို့လည်း အသင်းဖော်တွေကို သွယ်ဝိုက် သတိပေးခဲ့ပါတယ် ။

မောင့် က ” ကျွန်တော်တို့ဟာ ဒီနှစ် အတွင်းမှာ နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ အသင်း ဖြစ်ပြီး ၊ ဒီအခြေအနေမျိုး မှာ ကစားသမားတွေဟာ တခုခု ကို သက်သေပြချင်တဲ့စိတ် ရှိကြပါတယ် ။ အခုအချိန်မှာ ယူနိုက်တက် ကစားသမားတွေဟာ ဒီ ပြိုင်ဆိုင်မှုရဲ့ ထိပ်ပိုင်းမှာ ရှိနေကြပါတယ် ။ ဒီအတွက် ခင်ဗျား ဟာ အသင့် ဖြစ်နေရပါမယ် ။ ”

” ဒါပေမယ့် ခင်ဗျား အဖို့ ဒီ အခြေအနေ က ခါတိုင်းထက်စာရင် နည်းနည်းတော့ ပိုပြီး ဖတ်ရ ၊ ချဉ်းကပ်ရ ခက်ခဲပါတယ် ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား ဟာ သူတို့ ဘယ်လိုဘယ်ပုံ ပြင်ဆင်လာမလဲ ဆိုတာ မသိနိုင်လို့ပါ ။ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို ကြည့်ပါ ။ သူတို့ဟာ ဗီလာရီးရဲလ် ကို ကစားပုံ ကောင်းကောင်း ၂ – ၀ ရလဒ်နဲ့ နိုင်ခဲ့တာပါ ။ ”

” ဒီအတွက် ကျွန်တော်တို့ဟာ ဘာမဆို ပြင်ဆင်ထားရမှာ ဖြစ်ပြီး ၊ ဒါဟာ ခက်ခဲတဲ့ ပွဲတပွဲ အသွင် သေချာပေါက် ဆောင်မှာပါ ။ ဒါဟာ ယူနိုက်တက် ဖြစ်ပြီး ၊ သူတို့ဟာ တဦးချင်း အရည်အသွေးကောင်း များစွာ ရှိတဲ့ ထိပ်တန်း ကစားသမား အများကြီး ပိုင်ဆိုင်ထားပါတယ် ။ ဒီတော့ မန်ယူနိုက်တက် ၊ မန်စီးတီး ၊ လီဗာပူး အစရှိတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း ၊ အမြဲတမ်း ခက်ခဲမှု ရှိနေတာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ တဝက်မှာ နည်းပြဟောင်း ဖရန့် လမ်းပတ် အစား ၊ နည်းပြသစ် အဖြစ် သောမတ်စ် တူချယ် ကို ပြောင်းလဲခန့်အပ်ပြီးနောက် ၊ ချဲလ်ဆီးတို့ ကလပ် သမိုင်း တလျှောက် ဒုတိယ အကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ မောင့် ကတော့ ဒီရာသီ မှာ ပရီးမီးယားလိဂ် ဖလား ရရှိဖို့ အရေးက ၎င်းတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

 

မောင့် က ” ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံဖလား ဆွတ်ခူးခဲ့ပြီး ၊ အခု ရာသီ အတွက် ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင် က ပရီးမီးယားလိဂ် ဖလား ဖြစ်ပါတယ် ။ တခြား ပြိုင်ပွဲတွေမှာလည်း ကျွန်တော်တို့ ကောင်းကောင်း စွမ်းဆောင်လိုပေမယ့် ၊ ပရီးမီးယားလိဂ် ကို ပိုပြီး ပစ်မှတ်ထား အာရုံစိုက်သွားချင်ပါတယ် ။ ”

” ကျွန်တော့ တဦးတယောက်တည်း ဆန္ဒ အရတော့ ဒီနှစ် ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးလိုပါတယ် ။ ဒီကတဆင့် ချန်ပီယံလိဂ် ကို ရသလောက် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ပရီးမီးယားလိဂ် က ဘောလုံး ရာသီ တလျှောက် ကစားနေရတာပါ ။ ”

” ရက်သတ္တပတ်တိုင်း ဟာ ပွဲကြပ်တွေချည်းပါပဲ ။ ဒါပေမယ့် အခုအချိန် ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး ၊ လာမယ့် ပွဲကိုလည်း အပြည့်အဝ အာရုံစိုက်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR