မန်ချက်စတာ ဒါဘီ အတွက် ကိုယ့်လူကိုပြန်လန့်နေရတဲ့ ယူနိုက်တက် ကစားသမားဟောင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ပေါလ်စခိုး နဲ့ ရီယို ဖာဒီနန် တို့ဟာ ယမန်နေ့ ညက ချန်ပီယံလိဂ် ပွဲစဉ် ကို ကြည့်ရှု သုံးသပ် အပြီးမှာတော့ လာမယ့် မန်ချက်စတာ ဒါဘီ အတွက် စိုးရိမ် ပူပင်မှုတွေ ဖြစ်နေရပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မနေ့ညက အီတလီ စီးရီးအေ ကလပ် အတ္တလန်တာ နဲ့ ရင်ဆိုင် ကစားခဲ့ပြီး ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။

ယူနိုက်တက် ဟာ ပထမပိုင်း မှာ အတ္တလန်တာ နဲ့ သူတပြန် ကိုယ်တပြန် ကစားနိုင် ခဲ့ပြီး အီလီချစ် ရဲ့ အဖွင့်ဂိုး ကိုလည်း ရိုနယ်ဒို က ပြန်လည် ချေပ နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ယူနိုက်တက် ကစားပုံဟာ ဆိုးရွား လာခဲ့ပြီး အတ္တလန်တာရဲ့ ဗျူဟာအောက်မှာ အကြပ်တွေ့ ခဲ့ရပါတယ် ။

ယူနိုက်တက် နောက်တန်း ဟာ ယိုပေါက်တွေ များခဲ့ပြီး အဲရစ် ဘိုင်ယီ ရဲ့ ကာကွယ်မှုတွေသာ မရှိခဲ့ဘူးဆိုရင် ၂ ဂိုးထက် ပိုပေးသွားရမယ့် အခြေအနေတွေ မြင်တွေ့ခဲ့ရ ပါတယ် ။

ပေါလ်စခိုး ကတော့ ရာဖေး ဗာရန်း ဒဏ်ရာ ကြောင့် လူစားလဲ ထွက်ခွာ သွားခဲ့ရမှုဟာ ယူနိုက်တက် ခံစစ်ကို ယိုယွင်း သွားစေခဲ့ပြီး မက်ဂွဲယား ဦးဆောင်တဲ့ ဒုတိယပိုင်းက ခံစစ် ကစားပုံမျိုး နဲ့ ဆိုရင် မန်ချက်စတာ ဒါဘီ ကို တွေးကြည့်လို့တောင် မတွေးရဲပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

“သူတို့ ရဲ့ ဒုတိယပိုင်း ကစားပုံမျိုး နဲ့သာ ဆိုရင် လာမယ့် မန်စီးတီး နဲ့ ပွဲမှာ တကယ်ကို စိတ်ပူစရာ ဖြစ်လာမှာပါ ။ ရာဖေး ဗာရန်း လည်း မပါနိုင်ဘူး ဆိုရင် ယူနိုက်တက် အတွက် ပိုပြီး ခက်ခဲ သွားမှာ အသေအချာ ပါပဲ” လို့ လီဗာပူး ကို ပထမပိုင်း မှာတင် ၄ ဂိုးပြတ် ရှုံးနေလိမ့်မယ်လို့ ခန့်မှန်း ခဲ့ဖူးသူ ပေါလ်စခိုး က သုံးသပ် ပြောဆိုခဲ့ ပါတယ် ။

“ယူနိုက်တက် နောက်တန်းက တကယ်ရှုပ်ထွေး နေပါတယ် ။ ဗာရန်း ထွက်သွားအပြီးမှာ သူတို့ အစည်းပြေသလို ဖြစ်သွားပြီး ကွင်းလယ် က ကစားပုံကလည်း အကောင်းအတိုင်း မရှိနေ တော့ပါဘူး ။ ဘောလုံးတွေ မကြာခဏ ဆုံးရှုံးပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်”

“ဟယ်ရီ မက်ဂွဲယား မှာ ဒဏ်ရာ ရှိနေတာလား ၊ ဒါမှမဟုတ် ယူရို ပြိုင်ပွဲ အရှိန်နဲ့ ပင်ပန်း နေတာလား ဆိုတာ ကျွန်တော် သေချာ မသိပါဘူး ။ သူ့ကြည့်ရတာ မမှန်သလို ပါပဲ ။ ပွဲအစ မိနစ်ကတည်းက သူ အကောင်းဆုံး ပုံစံမှာ ရှိမနေ ခဲ့တာပါ” လို့ စခိုးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ပေါလ်စခိုး နဲ့ အတူ အဆိုပါ ပွဲကို သုံးသပ် တင်ဆက် ခဲ့တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ကလည်း အသင်းဖော်ဟောင်း ရဲ့ အဆိုကို ထောက်ခံ သဘောတူခဲ့ကာ အတ္တလန်တာ နဲ့ ပွဲမှာ ယူနိုက်တက် တို့ ကံကောင်း ခဲ့ကြောင်းကို ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“အတ္တလန်တာ နဲ့ ပွဲက ဒုတိယပိုင်း ကစားပုံအတိုင်းသာ ဆိုရင်တော့ မန်ချက်စတာ စီးတီး နဲ့ ပွဲမှာ သူတို့ ထပ်ပြီး အရှက်ကွဲ ဦးမှာပါပဲ ။ ဟိုက ၃ ဂိုး ၊ ၄ ဂိုး ၊ ၅ ဂိုး ဆိုပြီး သွင်းသွားမှာပါ ။

ယူနိုက်တက် က ဘယ်လို ကစားကွက် နဲ့ ကစားနေမှန်းကို မသိပါဘူး ၊ ကစားကွက်ရော ရှိရဲ့လား ၊ သူတို့ ကြည့်ရတာ အစည်းပြေနေသလို ပါပဲ ။

ဗာရန်း က ခံစစ် ရဲ့ နှစ်ခြမ်း စလုံးကို လိုက်ဖြည့် ကစားပေးပါတယ် ။ သူလည်း ထွက်သွားရော ခံစစ်က ဖရိုဖရဲ ဖြစ်တော့တာ ပါပဲ”

“နောက်တန်း ၄ ယောက် ပြန်ဖြစ်သွား တာနဲ့ အတ္တလန်တာ တိုက်စစ်ကို ခုခံရတာ ခက်သွားခဲ့ ပါတယ် ။ ကံကောင်းတာက အတ္တလန်တာ က ဂိုးတွေ အများကြီး မသွင်း နိုင်တာ နဲ့ နောက်ဆုံး မိနစ် မှာ ခရစ္စတီယာနို က သူတို့ကို ကယ်တင် ခဲ့တာပါ ။

ဒါပေမယ့် ဒီပုံစံ အတိုင်းသာ မန်ချက်စတာ ဒါဘီမှာ သွားကစားရင်တော့ တကယ့်ကို အိပ်မက်ဆိုး ဖြစ်သွားမှာ အသေအချာပါပဲ” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

လက်စတာ စီးတီး ကနေ ပေါင်သန်း ၈၀ နဲ့ ခေါ်ယူ ခဲ့တဲ့ အင်္ဂလန် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ပျောက်ဆုံး နေပြီး ပွဲတိုင်းလိုလို အမှားတွေ ကျူးလွန် နေခဲ့ ပါတယ် ။

မနေ့ညက ပွဲမှာလည်း အတ္တလန်တာ ရဲ့ ဒုတိယဂိုး မှာ မက်ဂွဲယား ရဲ့ နေရာယူပုံ အမှားကြောင့် ဒူဗန် ဇာပါတာ လူမကျွံ ဘဲ ဂိုးသွင်းယူ သွားနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် မက်ဂွဲယား ရဲ့ ကွင်းအတွင်းက ဦးဆောင်မှု စွမ်းရည် ဟာလည်း ပရိသတ်တွေ မေးခွန်းထုတ်ချင်စရာ ကောင်းတဲ့ အရာ ဖြစ်လာခဲ့ပြီး ကပ္ပတိန် လက်ပတ် နဲ့ မထိုက်တန်သူလို့ ပြောဆိုမှုတွေ များပြားလာခဲ့ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR