မန်ချက်စတာဒါဘီမှာ ယူနိုက်တက်တို့ မဖြစ်မနေ အနိုင်ယူသွားရမယ့် အကြောင်းရင်းကို ပြောပြလိုက်တဲ့ ရိုက်ဖီးလစ်

 

ရှောင်ရိုက်ဖီးလစ်က အိုလီဂန်နာဆိုးရှား အနေနဲ့ အိုးထရပ်ဖို့ဒ်မှာ အောင်မြင်မှု ရယူနိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြသွားဖို့ အတွက် ယနေ့ည မန်ချက်စတာဒါဘီမှာ မန်စီးတီးကို မဖြစ်မနေ အနိုင်ယူပြရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။ ယူနိုက်တက်ဟာ လီဗာပူး နဲ့ လက်စတာ တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပါအ၀င် ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။

သရဲနီတို့ဟာ ပရီးမီးယားလိဂ် title race မှာ ဆက်ရှိနေစေဖို့ အတွက် အိုးထရပ်ဖို့ဒ်မှာ အနိုင်ရရှိဖို့ လိုအပ်နေပြီး ဆိုးရှား အနေနဲ့ ဒီပွဲစဉ်ကိုသာ အရေးနိမ့်ခဲ့မယ် ဆိုရင် ပိုမို ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆိုးရှားဟာ ယူနိုက်တက် နည်းပြရာထူး အတွက် လုံလောက်တဲ့ အရည်အသွေး မရှိသူလို့ ဝေဖန်နေကြပေမယ့်လည်း မန်စီးတီး တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ရိုက်ဖီးလစ် ကတော့ အိုလီရဲ့ နည်းပြရာထူးဟာ အာမခံချက် ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမယ့်လည်း နော်ဝေးနည်းပြ အနေနဲ့ ဆုဖလားတွေ ရနိုင်တယ် ဆိုတာကို ပြသဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ရိုက်ဖီးလစ်က “ဒီပွဲကို အနိုင်ရဖို့ဟာ ဆိုးရှား အတွက် ပိုမို အရေးကြီးတယ် ဆိုတာ သေချာပေါက် ပါပဲ။ ဆိုးရှားဟာ သူ အလိုရှိတဲ့ pre-season အပြင် သူ အလိုရှိတဲ့ ကစာသးမား တွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီနှစ်ဟာ သူ့ကို အဆုံးအဖြတ် ပေးမယ့် နှစ်ဖြစ်ပြီး ဆိုးရှား အနေနဲ့ ကလပ်ကို ဆုဖလားတွေ စတင် ရယူပေးဖို့ လိုအပ်နေပါပြီ။

လီဗာပူးဟာ ဒီရာသီမှာ သူ ပထမဦးဆုံး ရင်ဆိုင်ခဲ့ရတဲ့ top 4 ကလပ် ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီပွဲမှာ အပြတ်အသတ် ချေမှုန်းခံခဲ့ရပါတယ်။ ဒါ့ကြောင့် စီးတီးနဲ့ ပွဲမှာ သူတို့ ဒီလိုမျိုး ထပ်အဖြစ်ခံလို့ မရနိုင်ပါဘူး။ ဒီရာသီ အစပိုင်းက တစ်ချို့ ပွဲစဉ်တွေမှာ ဆိုရင်လည်း သူတို့ဟာ ရှုံးသင့်တဲ့ ပွဲတွေမှာ သရေကျအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင် အားလုံးဟာ သူ့ကို တစ်ပွဲချင်းစီ အကဲဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက် မန်နေဂျာ အနေနဲ့ အိုလီဟာ ဆုဖလား ရယူပေးရတော့မှာပါ။

ဒါဘီပွဲစဉ်ဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီအသင်းဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ တည်ဆောက်ထားတယ် ဆိုတာကို သူ ပြသဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ဟာ ဒီဖလားတွေနဲ့ အလှမ်းဝေးနေတာ အတော်ကြာနေပါပြီ။” လို့ ဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်စတား ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက် ပရိတ်သတ်တွေ အနေနဲ့ ရလဒ်ဆိုးတွေ အတွက် အိုလီ တစ်ဦးတည်း အပေါ် အပြစ်မတင်ဘဲ ကစားသမားတွေလည်း ဒီထဲမှာ ပါ၀င်တယ်လို့ ဆိုခဲ့ပါတယ်။

ဘရူနိုက “ရလဒ်တွေ ထင်တဲ့ အတိုင်း ဖြစ်မလာတဲ့အခါ လူတွေ စိတ်ပျက်ကြတယ်ဆိုိတာဟာ သာမန် အခြေအနေပါပဲ။ ဒါပေမယ့် နည်းပြကို အပြစ်တင်ဖို့ဟာ လွယ်ကူပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ခဲ့သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကွင်းထဲမှာ ကစားရတဲ့ သူတွေ မို့လို့ပါ။

သူဟာ အသင်းမှာ ကောင်းကောင်း လုပ်ဆောင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ဒီကို ရောက်လာကတည်းက အသင်း အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ ရမှတ်တွေ ဆုံးရှုံးနေခဲ့ပြီး ဒါဟာ လုံလောက်မှု မရှိပါဘူး။ ဒါပေမယ့် ဒါဟာ နည်းပြ တစ်ဦးတည်းရဲ့ အမှား မဟုတ်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

SM