မနက်ဖြန်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ငါးနှစ် စာချုပ်နဲ့ ရောက်လာနိုင်တဲ့ နည်းပြ အမည်ကို ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က မော်ရီစီယို ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြန်လာဖို့ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ဖို့ PSG အသင်းမှ ထွက်ခွာချင်နေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်ဖို့ဒ် အသင်းကို 4 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှား အထုတ်ပယ် ခံခဲ့ရချိန်မှာ ပိုချက်တီနိုဟာ သရဲနီ တို့ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးသူ ဖြစ်နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ လက်စတာ စီးတီး ၊ လီဗာပူး ၊ မန်စီးတီး အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီးချိန် ဝက်ဖို့ဒ် အသင်းကိုပါ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အတွက် ဘုတ်အဖွဲ့ဝင်တွေရဲ့ အရေးပေါ် အစည်းအဝေး ခေါ်ခံရပြီး 5 နာရီ အကြာမှာ အထုတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ပိုချက်တီနို ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း ရလဒ်တွေ မတည်မငြိမ် ဖြစ်ခဲ့တိုင်း ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားသူ တစ်ဦး ဖြစ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူဟာ PSG အသင်းဆီ ပြောင်းရွှေ့သွားခဲ့ရပါတယ် ။

ဒါပေမဲ့ ပြင်သစ်မြေမှာ တကယ့်စူပါစတား ကစားသမားတွေကို ကိုင်တွယ်ခွင့် ရရှိခဲ့တဲ့ ပိုချက်တီနို ဟာ မကြာခန မပျော်မရွှင် ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ် ။ ဒါ့အပြင် PSG ဆိုတာကလည်း ချန်ပီယံလိဂ် ဖလားကြီး မယူပေးနိုင်ပါက နည်းပြကို ထုတ်ပယ်ဖို့ ဝန်မလေးတတ်တဲ့ အသင်းမျိုးပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း စူပါစတား ကစားသမားတွေအပြင် အနာဂတ်မှာ တောက်ပလာနိုင်ခြေ ရှိနေတဲ့ ကစားသမားအချို့ကိုပါ ပိုင်ဆိုင်ထားတဲ့ အတွက် ပိုချက်တီနိုလို နည်းပြကို ဆွဲဆောင်နိုင်စွမ်း အပြည့် ရှိနေပါတယ် ။

ဒါ့အပြင် နည်းပြ အပြောင်းအလဲ ခနခန လုပ်ဆောင်ခဲ့ပြီး ဖလားလက်မဲ့ ဖြစ်နေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း ပိုချက်တီနိုကို အချိန်ပေးသွားနိုင်ဖွယ် ရှိနေတာကြောင့် ဒါဟာ အာဂျင်တိုင်းသား အတွက် အခွင့်အရေးကောင်း ဖြစ်သွားဖွယ် ရှိနေပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က ပိုချက်တီနို ဆိုတာ ကာလရှည် စီမံကိန်းနဲ့ ပိုမိုကိုက်ညီတဲ့ နည်းပြမျိုး ဖြစ်ကြောင်း ၊ ယူနိုက်တက်ဖက်ကသာ ခေါ်လိုက်ရင် မနက်ဖြန်ပဲ ရောက်လာမယ့်သူမျိုးဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူဟာ ဘယ်တုန်းကမှ ဒါကို ထုတ်မပြောခဲ့ဖူး ပါဘူး ။ ဒါပေမဲ့ မော်ရီစီယို ပိုချက်တီနို ဆိုတာ PSG ကနေ ထွက်ခွာပြီး မနက်ဖြန်မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ငါးနှစ် စာချုပ်နဲ့ ရောက်လာနိုင်မယ့် နည်းပြမျိုးပဲ ဖြစ်တယ်လို့ ကျွန်တော် ထင်မိပါတယ် ”

” သူဟာ အသင်းရဲ့ ကစားသမား အစုအဖွဲ့ကို ကြည့်မယ် ၊ ပြီးတော့ ကလပ်အသင်းကို ကြည့်ရှုလိုက်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စီမံကိန်း တစ်ခုကို ရေးဆွဲရေး နဲ့ ပတ်သက်လို့ သူလိုချင်တာထက် ပိုပေးနိုင်တဲ့ အသင်းမျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ”

” PSG အသင်းမှာတော့ တစ်ရာသီ ပြီးဆုံးမှ နောက်တစ်ရာသီ အတွက် အဖြေသိရမှာပါ ။ သူတို့တွေက ‘ ချန်ပီယံလိဂ် ဖလား ယူပေး ၊ မဟုတ်ရင် လစ်လိုက်တော့ ‘ ဆိုတဲ့ ပုံစံမျိုး နဲ့ အသင်း တစ်သင်း ပါပဲ ။ အဲ့တာက ပိုချက်တီနို နဲ့ မကိုက်ဘူးလို့ ကျွန်တော် ထင်ပါတယ် ”

” သူဟာ ထောက်ခံမှုတွေ အပြည့်အဝ ရရှိသွားနိုင်ဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကိုပဲ 5 နှစ် စာချုပ် နဲ့ ရောက်လာနိုင်လိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ” လို့ ဂယ်ရီ နဗီးလ် က သူ့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar