မကြာသေးခင်ကမှ ပြန်လေ့ကျင့်နိုင်တဲ့ မေဆင့်မောင့်ကို ဂါရတ် ဆောက်ဂိတ်မှ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခဲ့ခြင်း အပေါ် တုန့်ပြန်လာတဲ့ တူချယ်

ချဲလ်ဆီး အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း အံဆုံးသွားကိုက် ဝေဒနာကြောင့် နေမကောင်းဖြစ်ခဲ့ပြီး ၊ ထိုအတွက်ကြောင့် နယူးကာဆယ် ၊ မယ်လ်မို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်း ၂ပွဲဆက် လွဲချော်ခဲ့ပါတယ် ။

ယနေ့မှာတော့ ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အပတ်ကမှ ဒီရာသီ ပထမဆုံး နိုင်ပွဲ ရထားတဲ့ တန်းဆင်းဇုန် အဆင့် ၁၈ က ဘန်လေ အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ဒီပွဲမတိုင်ခင် လေ့ကျင့်ရေး အစီအစဉ် ၂ခုမှာတော့ မောင့် တယောက် ပါဝင် ပူးပေါင်းထားတယ်လို့ သိရပါတယ် ။

ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်သေးပေမယ့် ၊ မောင့် ဟာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ပွဲ အတွက် အပြီးသတ် ကစားသမား စာရင်းမှာ ဆက်လက် ရွေးချယ်ခံခဲ့ရပါတယ် ။ ယနေ့ည ပွဲမှာ မောင့် ကစားနိုင်ခြေကို ကြည့်ပြီး ၊ အင်္ဂလန် အသင်း အတွက် ၄င်းရဲ့ ပါဝင်နိုင်ခြေကို ခန့်မှန်းလို့ ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ မောင့် ဟာ လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမယ့် ၊ ယနေ့ည ပွဲမှာ လူစားဝင် အနေနဲ့သာ ကစားဖြစ်ဖို့ များတယ်လို့ အတည်ပြုခဲ့ကာ ၊ ဆောက်ဂိတ်မှ မောင့်ကို လက်ရွေးစင် အသင်း အတွက် ဆက်လက် ရွေးချယ်ခဲ့ခြင်း အပေါ်လည်း အခုလိုပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” မေဆင်ရဲ့ အခြေအနေ က နည်းနည်း ဖြေရခက်ပါတယ် ။ သူ နေမကောင်း ဖြစ်ခဲ့တာ မှန်ပေမယ့် ၊ အကြောင်းအရင်း က အံဆုံးသွားကိုက်ခဲ့တာကြောင့် ဖြစ်ပါတယ် ။ ပိုးဝင်တာလို့ ပြောရင် ပိုမှန်မှာပါ ။ မနေ့နဲ့ ဒီနေ့ ၂ရက်ဆက် သူ လေ့ကျင့်ရေး အစီအစဉ်ကို လာရောက် ပူးပေါင်းခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကောင်းကောင်း မစားနိုင်တဲ့ အတွက် ကိုယ်အလေးချိန် နည်းနည်းလောက် ကျသွားတာတော့ ရှိနိုင်ပါမယ် ။ ဒီတော့ သူ ဆေးကုသမှု ဆက်လက် ခံယူရမှာ ဖြစ်ပြီး ၊ နောက်ပိုင်း အခြေအနေတွေကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရအောင်ပါ ။ မနက်ဖြန် ပွဲအတွက် ကစားသမား စာရင်းမှာ သူ ပြန်ပါပါမယ် ။ ”

” ကစားခွင့် မိနစ် အချို့ ပေးလို့ ရပေမယ့် ၊ ကျွန်တော်တို့ဟာ သူ့ရဲ့ ခန္ဓာကိုယ် တုန့်ပြန်မှု အခြေအနေကို တချက် စောင့်ကြည့်ရပါဦးမယ် ။ ဘာလို့လဲ ဆိုတော့ သူ့ဝေဒနာ က ထိထိရောက်ရောက် ကုသမှု ခံယူဖို့ လိုတဲ့ပုံပေါ်လို့ပါ ။ ”

” ( လက်ရွေးစင် အသင်းမှ ဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး ) မေဆင်ဖက်က အရာရာ အဆင်ပြေတယ် ဆိုရင် ကျွန်တော်တို့ဖက်က ကိစ္စ မရှိပါဘူး ။ ကျွန်တော်တို့ဟာ သူ့ကို အမြဲတမ်း စိတ်ဓာတ် ခွန်အားတွေ ၊ တွန်းအားတွေ ပေးသွားမှာပါ ။ ဒီအတွက် ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။ လက်ရွေးစင် အသင်းမှာ သူ အရွေးခံရလို့ ကျွန်တော်တို့ ဂုဏ်ယူသလို ၊ သူလည်း ထိုနည်း၄င်းပါပဲ ။ ”

” ဒီတော့ နောက်ကွယ်ကနေ မေဆင်ကို လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းနိုင်အောင် လုပ်ကြံ တားဆီးတာမျိုး ဘာတခုမှ ရှိလာမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူ့ရဲ့ ကျန်းမာရေး ကိစ္စ အတွက် တာဝန်ယူပေးရမှာ ဖြစ်ပြီး ၊ တခုခု ဖြစ်ရင် သူ့ကို ဂရုစိုက် စောင့်ကြည့်မှု ပေးရမှာ ကျွန်တော်တို့ရဲ့ အလုပ်ပါပဲ ။ ”

” ဒါဟာ ဆောက်သမ်တန်နဲ့ ကာရာဘောင် ဖလားပွဲကို လွဲချော်ခဲ့တဲ့ အန်ဒရီယာစ် ခရစ်တန်ဆန် ကို ကိုင်တွယ်ပုံမျိုးနဲ့ တပုံစံတည်း ဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ နောက်ဆက်တွဲ ကုသမှုတွေက ခံယူဖို့ လိုကိုလိုအပ်လို့ပါ ။ ဒါဟာ ပထမ ဦးစားပေး ဖြစ်ပါတယ် ။ နောက်မှ ကျွန်တော်တို့ဟာ တခြား အကြောင်းအရာတွေကို ဆက်လက် စဉ်းစားရမှာပါ ။ ဒီတော့ မေဆင် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနိုင်ခြေ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR