ဘို၀င်ကို သဘောကျတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်ကာ စိတ်လှုပ်ရှားစရာ ၀က်ဟမ်းကစားသမားကို ထုတ်ဖော်လိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ ၀က်ဟမ်း တိုက်စစ်မှုး ဂျရော့ဘို၀င်ကို ဘာကြောင့် နှစ်သက်မိသလဲ ဆိုတာ ဖော်ပြသွားခဲ့ပြီး သူ့ရဲ့ လီဗာပူး အသင်းနဲ့ ၀က်ဟမ်းနဲ့ ရင်ဆိုင်ရာမှာ ခက်ခဲတဲ့့ စမ်းသပ်မှုကို မျှော်လင့်ထားရန် သတိပေးလိုက်ပါတယ်။ လီဗာပူးဟာ တနင်္ဂနွေနေ့မှာ ပုံစံကောင်း ရနေတဲ့ ၀က်ဟမ်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး အန်ဖီးကလပ်ဟာ ပြိုင်ပွဲစုံ ၂၆ ပွဲဆက် ရှုံးပွဲမရှိတဲ့ ကလပ်ရဲ့ မှတ်တမ်းသစ်ကို ရရှိဖို့အတွက် ပစ်မှတ်ထားနေပါတယ်။

 

ဘို၀င်ဟာ ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးတို့ ခေါ်ယူရန် ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒေးဗစ်မိုရက်ရဲ့ လက်အောက်မှာ အထူး ခြေစွမ်းပြလျက် ရှိနေပြီး ၀က်ဟမ်း ကလည်း ပရီးမီးယားလိဂ် ဇယားမှာ လီဗာပူးနဲ့ ၂ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေကာ ဒီရာသီမှာလည်း တာထွက်ကောင်းနေပါတယ်။

ကလော့က “သူတို့ရဲ့ ကစားပုံကို ကြည့်ရတာ တကယ် ကောင်းပါတယ်။ သူတို့ဟာ high intensity ကစားတဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက်ကို အသာစီး ရယူနိုင်မှသာ ဒီလို အသင်း ဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ အခု ဒီလို အသင်း ဖြစ်နေပါတယ်။ အခွင့်အရေးတွေ အဆုံးသတ်နိုင်ဖို့ အတွက် ထိပ်တန်း တိုက်စစ်မှုးတွေ လိုအပ်ပါတယ်။ သူတို့မှာ ဒီလို ကစားသမားတွေ ရှိနေတာကို အားလုံး သိပြီးသားပါ။

ကျွန်တော် ဘို၀င်ကို တအား နှစ်သက်ပါတယ်။ သူဟာ ဟူးစီးတီး ကနေ ဒီအဆင့်ကို ရောက်လာအောင် အကောင်းဆုံး လုပ်ခဲ့ပါတယ်။ သူဟာ ၀က်ဟမ်းကို ရောက်ပြီး သိပ်မကြာမီမှာပဲ ပရီးမီးယားလိဂ်မှာ ဘယ်လို ကစားသမား တစ်ဦးလည်း ဆိုတာ ပြသခဲ့ပါတယ်။ သူဟာ ကြီးမားတဲ့ ခြေလှမ်းတွေ လှမ်းနိုင်ခဲ့ပါတယ်။

 

ကျွန်တော် အင်္ဂလန်ကို ရောက်လာပြီးနောက်ပိုင်း မီခဲလ်အန်တိုနီယိုဟာ ညာနောက်ခံလူ အပါအ၀င် နေရာ ၅ ခု ၆ ခုမှာ ကစားခဲ့ပါတယ်။ သူဟာ တကယ့်ကို ကောင်းလှတဲ့ တိုက်စစ်မှုး ပါပဲ။ ဖော်နယ် ကလည်း စပိန်လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ တအား ကောင်းတဲ့ ကစားသမား ဖြစ်ပြီး lines တွေကြားမှာ ကစားနိုင်စွမ်း ရှိသူပါ။

ဘန်ရာမာ ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ၀က်ဟမ်း ကစားသမားပါ။ သူဟာ ဘရန့်ဖို့ဒ် အသင်းမှာ ကစားခဲ့သူ ဖြစ်ပြီး အခုဆိုရင် ၀က်ဟမ်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကျတဲ့ ပုံရိပ် ဖြစ်နေပါပြီ။” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး ကလော့က “အဲဒီနောက် သူတို့မှာ ရိုက် နဲ့ ဆူ့ချက်တို့ အတွဲရှိနေပါတယ်။ သူတို့ နှစ်ယောက်ဟာ တိုက်စစ်ပိုင်းမှာ ခြိမ်းခြောက်နိုင်စွမ်း ရှိကြသူတွေပါ။ ဆူ့ချက်ဟာ ခေါင်းဘော အရမ်းကောင်းပြီး ရိုက်စ်မှာတော့ အရည်အသွေးစုံ ရှိနေပါတယ်။ သူတို့မှာ တအား မြန်တဲ့ နောက်တန်း အစွန်လူတွေ အပြင် ဗဟိုနောက်ခံလူ အတွဲကိုလည်း အလိုရှိသလို အသုံးပြုနိုင်နေပါပြီ။ ဖာဘီယန်စကီးဟာ အတွေ့အကြုံရင် ဂိုးသမား တစ်ဦးပါ။” လို့ ပြောသွားပါတယ်။

၀က်ဟမ်းဟာ နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲထိ နိုင်ထားခဲ့တဲ့ အသင်း ဖြစ်ပြီး လီဗာပူးနဲ့ ပွဲစဉ်မတိုင်မီ ကြားရက်က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂန့်နဲ့ အဝေးကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

SM