ဘာစီလိုနာ နဲ့ အပြောင်းအရွှေ့ သတင်းတွေကို တုန့်ပြန်လိုက်တဲ့ တီယာဂို


ဇာဗီ က ဘာစီလိုနာ နည်းပြသစ် ဖြစ်လာပြီး နောက်ပိုင်း စပိန် သတင်းစာတွေ မှာ တီယာဂို ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အဆက်မပြတ် ဖော်ပြခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ ကစားသမားဟောင်း ဒန်နီရယ် အဲလ်ဗက် ကိုတောင် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်လို့ ၊ တီယာဂို ကို တကယ်ပဲ စိတ်ဝင်စားနေတာလား ဆိုတဲ့ မေးခွန်းတွေပါ လွင့်ပျံလာခဲ့ ပါတယ်။

ကာယကံရှင် ကစားသမား ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ် ဟာ သူ့ရဲ့ စွန့်စားခန်းသစ် လို့ သုံးနှုန်းပြီး အဲဒီ ကောလဟာလ သတင်းတွေကို ပယ်ချလိုက်သလို ၊ လီဗာပူး ဟာ သူ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုမျိုးလို့ တုန့်ပြန် သွားခဲ့ ပါတယ်။

” လီဗာပူး ကို ပြောင်းလာခဲ့တာ 100% မှန်ကန်တဲ့ ပြောင်းရွှေ့မှုမျိုး ဖြစ်ပါတယ်။ ကျနော်ဟာ ရွေးချယ်မှု တစ်ခုကို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ခဲ့တာပါ။

ဒဏ်ရာပြသနာတွေ က အခုလောက်အထိ ရှုပ်ထွေးလာမယ်လို့ ဘယ်သူက တွေးထားမှာလဲဗျာ ၊ အခုတော့ ကိုယ့်အသင်း ကစားပုံကို ပွဲကြည့်စင်ပေါ်ကနေပဲ ကြည့်ခဲ့ရတာ များပါတယ်။

အသင်းရဲ့ ကစားပုံက သီအိုရီ အရ ကြည့်မယ် ဆိုရင်လဲ အံ့အားသင့်စရာ ကောင်းလွန်းပါတယ် ဒါပေမယ့် ကိုယ်တိုင် ဝင်ကစားခွင့်ရရင် ပိုကောင်းတာပေါ့ဗျာ။

ကျနော့် အပါအဝင် ကိုယ့်ရဲ့ ကစားဖော်တွေ အများစု ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရတဲ့ အပေါ် တော်တော်လေး စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးသမားတွေ ကြုံတွေ့ရမယ့် အစိတ်အပိုင်း တစ်ခုပဲလေ။ အဓိက က ကိုယ်ပြန်ကစားပေးနိုင်တဲ့ အချိန်မှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ပြန်လည် ပေးဆပ်နိုင်ကြဖို့ အတွက်ပါပဲ” လို့ စတင် ပြောဆိုလာခဲ့ ပါတယ်။

တီယာဂို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မစတင်မီ အချိန်က ဘိုင်ယန် မြူးနစ် ကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း 20 နဲ့ လီဗာပူး ကို ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ၊ လီဗာပူး ကို စတင် ရောက်ရှိလို့ မကြာခင် အချိန်မှာပဲ ကိုဗစ် ကူးစက်ခံခဲ့ရပါတယ်။

အဲဒီနောက် ပြန်လည် ကောင်းမွန်လာလို့ မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်ကို ပါဝင် ကစားပေးခဲ့သည့်တိုင်အောင် ၊ ထင်မှတ်မထားတဲ့ ဒူးဒဏ်ရာ ရရှိခဲ့လို့ 3 လ လောက် အနားယူလိုက်ရပြန်ပါတယ်။ အဲဒီ ဒဏ်ရာက ပြန်လည် သက်သာလာပြန်တော့လဲ နောက်ထပ် ခြေသလုံး ဒဏ်ရာ ထပ်မံ ရရှိသွားပြန်လို့ 2 လ ဝန်းကျင် အနားယူခဲ့ရပြန်တာပါ။ ဒါကြောင့် တီယာဂို ဟာ လီဗာပူး ကစားသမားဘဝမှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ဆက်တိုက် ကစားပေးနိုင်ခြင်း မရှိသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီ အကြောင်းအရင်းတွေကြောင့်ပဲ ဘာစီလိုနာ က ပြန်လည် ခေါ်ယူချင်တဲ့ သတင်းတွေ အပေါ် ပရိသတ် တချို့ က သို့လော သို့လောတွေ ဖြစ်ခဲ့ကြပါတယ်။

သို့သော် ကစားသမား ကိုယ်တိုင်ကတော့ – ” ကျနော် က ဘောလုံးသမား တစ်ယောက်ပါ။ ကောလဟာလ အပြောင်းအရွှေ့ သတင်းတွေ အပေါ် အာရုံစိုက်နေစရာ မလိုပါဘူး။

ကျနော် စိတ်ဝင်စားတာ က အသင်းမှာ ရှိတဲ့ ကျနော့် ရဲ့ တာဝန်တွေ နဲ့ လီဗာပူး နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလဲ အများကြီး ကျန်နေသေးတယ် ဆိုတာပါ။

ပရီးမီးယားလိဂ် ဆိုတာ ကျနော့် ရဲ့ စွန့်စားခန်းသစ် တစ်ခုမို့ ဒီနေရာရဲ့ အကြောင်းကို အများကြီး သိချင်ပါသေးတယ်။ ပြီးရင် လီဗာပူး နဲ့ အတူ ဆုဖလားတွေ ရသလောက် သိမ်းပိုက်နိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ယာဂန် ကလော့ပ် ရဲ့ အသင်းမှာ တီယာဂို နဲ့ ဖာဘင်ဟို အတွဲ ပွဲထုတ်လာရင် အသင်းရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံး ပုံစံ ရရှိလေ့ရှိတယ်လို့ မှတ်ချက် ပေးနေကြပါတယ်။

ပြီးခဲ့တဲ့ အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် သူတို့ နှစ်ယောက် စလုံးဟာ ကွင်းလယ် ခံစစ် တာဝန်တွေကို ပူးတွဲ ရယူသွားခဲ့ပြီး ၊ ချန်ဘာလိန် က Free Role ကစားပြသွားတာ တော်တေ်ာလေး ကြည့်ကောင်းခဲ့ပါတယ်။

SPORTS MYANMAR