ဘာစီလိုနာ က မျက်စိကျနေတဲ့ စတာလင် အတွက် ပေါင် 45 သန်း ဈေးသတ်မှတ်လိုက်တဲ့ မန်စီးတီး

မန်စီးတီး ဟာ ဘာစီလိုနာ က ခေါ်ယူဖို့ မျက်စိကျနေတဲ့ စတာလင် အတွက် ပြောင်းရွှေ့ကြေး ပေါင် 45 သန်း ဝန်းကျင် ရရှိမယ် ဆိုပါက ရောင်းချဖို့ လက်ခံ စဉ်းစားပေးသွားမယ့် အကြောင်း လမ်းကြောင်းတွေ ဖွင့်လိုက်ပါတယ်။

အသက် 26 နှစ် အရွယ် အင်္ဂလန် ကစားသမားဟာ 2015 ခုနှစ် ကမှ ပြောင်းရွှေ့ကြေး ပေါင် သန်း 50 နဲ့ လီဗာပူး ကနေ ရောက်ရှိလာသူ ဖြစ်ပြီး ၊ မန်စီးတီး အတွက် စုစုပေါင်း 307 ပွဲ ပါဝင် ကစားပေးကာ 116 ဂိုး အထိ သွင်းယူ ပေးထားသူ ဖြစ်ပါတယ်။

သို့သော်လဲ ဒီနှစ် ဘောလုံးရာသီ ပြန်လည် စတင်ချိန်မှာတော့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းမှာ နေရာရဖို့ ရုန်းကန်လာရပြီး ၊ ဖိုဒန် နဲ့ ဂရေးလစ်ချ် တို့နောက် ဒုတိယ ဦးစားပေး အဖြစ်သာ ကစားခွင့်ရခဲ့ပါတယ်။ ကတ်တလန် သားကြီးဟာ သူ့ရဲ့ တိုက်စစ်ကို ပုံဖော်ဖို့ အတွက် ဒီဘရိုင်း + ဂရေးလစ်ချ် + ဖိုဒန် တို့ အတွဲကို အားပြုသုံးစွဲလာခဲ့ကာ ၊ စတာလင် ရဲ့ ပေါက်ကွဲမှု အပြည့်နဲ့ တုန့်ပြန် ကြိုးစားလာမယ့် အခိုက်အတန့်တွေကို မျှော်လင့်ကြည့်ခဲ့ပေမယ့် အခုချိန်ထိ ပြန်လည် မြင်တွေ့ရခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ကာလ တစ်ခု အတွင်း စတာလင် နဲ့ မန်စီးတီး တို့အကြား ကာလရှည် စာချုပ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ရှိခဲ့ကြသည့်တိုင်အောင် ဘုံသဘောတူညီမှု ရအောင် ရှာဖွေနိုင်ခဲ့ကြခြင်း မရှိသလို ၊ လက်ရှိ အခြေအနေတွေအရ ပိုပြီးတော့တောင် အလှမ်းဝေးကွာလျှက် ရှိနေပါတယ်။

တချိန်တည်းမှာပဲ စတာလင် ကိုယ်တိုင်က နိုင်ငံခြားထွက်ပြီး ကစားဖို့ ဆန္ဒရှိတဲ့ အကြောင်းကို အရိပ်အမြွက် ထုတ်ဖော် ပြောဆိုလာချိန်မှာ ၊ မန်စီးတီး ဘက်ကလဲ ဆက်လက်ထိန်းထားခြင်း မရှိပဲ ရောင်းထုတ်ဖို့ ပြင်ဆင်လာနေသလို ၊ ဘာစီလိုနာ က စိတ်ဝင်စားနေတဲ့ အရိပ်အယောင်တွေလဲ ပြသနေပါတယ်။

 

စတာလင် ရဲ့ လက်ရှိ စာချုပ် သက်တမ်းက 2023 ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မန်စီးတီး ဘက်ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ ကို တံခါးဖွင့် ကြိုဆိုဖွယ် ရှိသည့်တိုင်အောင် ၊ လက်ကျန် စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့မယ့် ရာသီ အကုန်မှသာ ကမ်းလှမ်းမှုတွေ ပိုမို ရရှိလာဖွယ် ရှိနေပါတယ်။

လက်ရှိ စပိန် က သတင်းတွေ အရ ဘာစီလိုနာ အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ စတာလင် ကို ကနဦး အငှားနဲ့ ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အီတီဟတ် တာဝန်ရှိသူတွေ ကတော့ လီရွိုင်း ဆာနေး ကို ရောင်းချစဉ်က အတိုင်း အသင်းမှာ ဆက်ပြီး ကစားလိုစိတ် မရှိတော့တဲ့ ကစားသမား တစ်ယောက် အတွက် သတ်မှတ်ထားတဲ့ ပေါင် 45 သန်း ဝန်းကျင် ရရှိမယ် ဆိုပါက လက်ခံ ဆွေးနွေးပေးဖို့ အသင့်ပြင်ထားတယ်လို့ ယုံကြည်ရပါတယ။်

နည်းပြ ပက် ဂွာဒိယိုလာ ကိုယ်တိုင်လဲ ဘာစီလိုနာ ဟာ သူအသင်းက ကစားသမားတွေ ခေါ်ယူဖို့ စိတ်ဝင်စားတယ် ဆိုရင် ၊ သူတို့မှာ အပြောင်းအရွှေ့တွေ ဖြစ်လာအောင် စည်းရုံးနိုင်တဲ့ အနေအထားတွေ အပြည့်အစုံ ရှိကြောင်း ထောက်ခံချက် ပေးထားခဲ့ပါတယ်။

စတာလင် ကိုယ်တိုင်ကတော့ သူ့ရဲ့ မန်စီးတီး ကစားသမားဘ၀ အနာဂတ် နဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟ ထားခဲ့ပါတယ်။

“ ကျနော့် အတွက် ကစားခွင့် ပိုပေးနိုင်မယ့် အသင်းမျိုး ရှိလာတယ် ဆိုရင် ၊ အချိန်မှာ အဲဒီ အခွင့်အရေး အတွက် လေးလေးနက်နက်ထားပြီး စဉ်းစားချင်ပါတယ်။ ကျနော့် အတွက် ဘောလုံးကစားခွင့်ရနေဖို့က အဓိကပါ။ ကျနော့် ဟာ အသက်ငယ်ငယ်လေးနဲ့ စိန်ခေါ်မှု ကြီးကြီးမားမားတွေ ဖြတ်သန်းခဲ့ဖူးသလို ၊ အိပ်မက်တွေလဲ အများကြီး ရှိပါတယ်။

အင်္ဂလိပ် ဘောလုံးသမား တယောက် အနေနဲ့တော့ ပရီးမီးယားလိဂ်မှာပဲ ကစားချင်တာပေ့ါ။ ဒါပေမယ့် တနေ့နေ့ တချိန်ချိန်မှာ နိုင်ငံခြားထွက်ပြီး ကစားဖို့လဲ ဆန္ဒရှိပြီးသားပါ။ ကိုယ့်အတွက် ပေါ်လာမယ့် အခွင့်အရေးပေါ်မှာ မူတည်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM