ဘာစီလိုနာဆီ ပြန်သွားလိုကြောင်း သူ့ရဲ့ ဆန္ဒတစ်ခုကို ဖွင့်ဟလိုက်တဲ့ မက်ဆီ

 

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပါတယ် ။ အခု အခါမှာတော့ မက်ဆီ ဟာ ဘာစီလိုနာ အသင်းကို ပြန်ချင်ကြောင်း ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

လီယွန်နယ် မက်ဆီ က သူ ဘောလုံး ကစားသမား ဘဝ ကနေ အနားယူ ဖြစ်ပါက technical secretary အဖြစ် လုပ်ကိုင်ချင်ကြောင်း ဝန်ခံလိုက်ပြီး အသင်းဟောင်း ဘာစီလိုနာ အသင်းကို ပြန်သွားချင်တယ်လို့ ပြောကြား လိုက်တာ ဖြစ်ပါတယ် ။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဆီ ဟာ ဘာစီလိုနာ အသင်းမှာ ၂၁ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရသူပါ ။ ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာ အသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ မတက်နိုင်တော့တာကြောင့် အာဂျင်သား ဟာ နူးကမ့်ကနေ ပဲရစ် ကို ပြောင်းရွှေ့ သွားခဲ့ရပါတယ် ။

ဒါပေမယ့် ပီအက်စ်ဂျီ စတား မက်ဆီ ရဲ့ နှလုံးသားကတော့ နူးကမ့်မှာပဲ ကျန်ရှိနေဆဲပါ ။ မက်ဆီ ဟာ ကစားသမား ဘဝက အနားယူချိန်မှာ သူလုပ်ဆောင်မယ့် အရာတွေအတွက် အစီအစဉ်တွေ ဆွဲနေပြီ ဖြစ်ကြောင်း Sport နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

တစ်နေ့တစ်ချိန်မှာ ဘာစီလိုနာ အသင်းကို ပြန်သွားချင်သလား ဆိုတဲ့ မေးခွန်းကို မက်ဆီ က ” ဒါပေါ့ဗျာ ၊ ကျွန်တော် အမြဲတမ်း ပြောနေကြ စကား ရှိပါတယ် ၊ ဘာစီလိုနာ အသင်းကို ကူညီ ပေးရတာ ကျွန်တော် နှစ်သက်တဲ့ အရာပါပဲ ။ ”

” ကျွန်တော် technical secretary ဖြစ်ချင်ပါတယ် ၊ ဘာစီလိုနာမှာပဲ လုပ်ဖြစ်မလား မလုပ်ဖြစ်ဘူးလား တော့ မသိသေးပါဘူး ၊ တခြား တစ်နေရာမှာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ”

” အခွင့်အခါ သင့်ရင်တော့ ကျွန်တော် တက်နိုင်တဲ့ဘက်ကနေ ဘာစီလိုနာ အသင်းကို တစ်ဖန် ကူညီ ပေးချင်ပါတယ် ။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ် ၊ ဒီအသင်း ဆက်လက် ကောင်းမွန်နေဖို့ တိုးတက်နေဖို့ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်း အဖြစ် ဆက်ရှိနေဖို့ ကူညီပေးချင်ပါတယ်ဗျာ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်း နဲ့ နှစ်နှစ် စာချုပ် ချုပ်ဆို ခဲ့တာ ဖြစ်ပြီး တစ်နှစ်ထပ် သက်တမ်းတိုးခွင့်လည်း ပါရှိပါတယ် ။ မက်ဆီ ဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်ကို သူ့ရဲ့ငယ်ဘဝ ကလပ် နယူးဝဲလ်အိုးဘွိုင်းစ်မှာ ကုန်ဆုံးချင်ကြောင်း မကြာခဏ ထုတ်ဖော် ပြောကြားဖူးပါတယ် ။

မက်ဆီ ဟာ ဒီရာသီ ပြင်သစ်လီဂူး ၁ မှာ သွင်းဂိုး မရရှိသေးပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ပီအက်စ်ဂျီ အတွက် ၃ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။

SM