ဘလွန်းဒီအော်ဆု နဲ့ ပတ်သက်ပြီး ဟောကိန်း ထုတ်လိုက်တဲ့ ရီဗာဒို

ဘရာဇီး နဲ့ ဘာစီလိုနာ ကစားသမားဟောင်းကြီး ရီဗာဒို က ဒီနှစ် ဘလွန်းဒီအော်ဆု အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြင်သစ် ဘောလုံး မဂ္ဂဇင်း ဟာ ဘလွန်းဒီအော်ဆု ချီးမြှင့်ဖို့ ဆန်ကာတင်စာရင်း ကို ထုတ်ပြန် ကြေငြာထားပြီးပြီ ဖြစ်ပြီး ၊ ဆုပေးပွဲ အခမ်းနား ကို ဒီလ 29 ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရီဗာဒို ကတော့ ဘိုင်ယန် မြူးနစ် တိုက်စစ်မှုးကြီး လီဝန်ဒေါ့စကီး ဟာ ဒီဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ခန့်မှန်းလိုက်ပြီး ၊ ပီအက်စ်ဂျီ ကစားသမား မက်ဆီ နဲ့ လီဗာပူး တိုက်စစ် ကစားသမား မို ဆာလာ တို့ကိုလဲ အခွင့်အရေး တချို့ ရှိနေတယ်လို့ သုံးသပ်သွားခဲ့ ပါတယ်။

ဘလွန်းဒီအော်ဆု ဟာ အခြား အကောင်းဆုံးဆုတွေ နဲ့ ရွေးချယ်ပုံ မတူပဲ ၊ ကမ္ဘာတဝန်းက သြဇာကြီးမားတဲ့ ဂျာနယ်လစ်တွေ ရဲ့ မဲဆန္ဒနဲ့ ရွေးချယ်တာ ဖြစ်တာကြောင့် ဘောလုံး လောက ရဲ့ ပုံရိပ်အကြီးမားဆုံးဆု လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်လဲ ကစားသမားတွေ အကြားမှာ ဒီဆု နဲ့ ပတ်သက်လာရင် အရမ်းကို တန်ဖိုးထားကြပါတယ်။

1999 ခုနှစ်က ဒီဆု ကို သိမ်းပိုက်ခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းကြီး ရီဗာဒို ကတော့ ဒီနှစ် အနေအထားနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလို ချပြသွားခဲ့ ပါတယ်။

“ နိုဝင်ဘာလ 29 ရက်နေ့မှာ ကျင်းပမယ့် ဘလွန်းဒီအော်ဆု ပေးပွဲမှာ လီဝန်ဒေါ့စကီး က အောင်ပွဲခံဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ သူဟာ ဒီဆု အတွက် ထိုက်တန်တဲ့ သူပါ။ မက်ဆီ နဲ့ မိုဆာလာ တို့ရဲ့ အလားအလာတွေကိုလဲ လျှော့တွက်ထားလို့ မရပါဘူး။

ဘိုင်ယန် မြူးနစ် တိုက်စစ်မှုးဟာ ဂိုးသွင်းတဲ့ နေရာမှာတော့ အရမ်းကို ထူးခွျှန်လွန်းပါတယ်။ ပွဲရဲ့ အလှည့်အပြောင်းတွေကို သူကပဲ ဖန်တီးနေတာ ဖြစ်သလို ၊ ဒီတပတ်မှာ ကစားခဲ့တဲ့ ဘင်ဖီကာ နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလဲ ဟတ်ထရစ် သွင်းဂိုး အပြင် ၊ နောက်ထပ် ဂိုးဖန်တီးမှု 1 ကြိမ်ပါ လုပ်ဆောင်ပြသွားခဲ့ပါတယ်။” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဘိုင်ယန် မြူးနစ် နည်းပြ နာဂယ်စ်မန် ကလဲ ဘလွန်းဒီအော်ဆု နဲ့ ပတ်သက်လို့ သူ့ ကစားသမားသာ ရသင့်တဲ့ အကြောင်းကို အခုလို ထောက်ခံချက် ပေးသွားခဲ့ပါတယ်။

“ ဒီဆုကို ဆွတ်ခူးဖို့ လီဝန်ဒေါ့စကီး က လွဲလို့ အခြား ဘယ်သူ့ကိုမှ မမြင်မိပါဘူး။ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း သူဟာ သွင်းဂိုးတွေကို ဆက်တိုက် သွင်းယူပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်ကြောင့်ပဲ သူ့ကို တမူထူးခြားတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားကြပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး ကလဲ သူပဲ ဆိုတာ လုံး၀ သံသယ ဖြစ်နေစရာ မလိုပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဝန်ဒေါ့စကီး ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန် မြူးနစ် နဲ့ အတူ ပြည်တွင်း ဖလား အောင်မြင်မှု အပြင် ချန်ပီယံလိဂ် ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဘလွန်းဒီအော်ဆု ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ဖူးပါတယ်။ သို့သော် ပြင်သစ် ဘောလုံး မဂ္ဂဇင်း က ကိုဗစ် ကပ်ရောဂါ အကြောင်းပြချက် နဲ့ ဆုချီးမြှင့်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် ဒီဆု နဲ့ လွဲချော်ခဲ့ဖူးပါတယ်။

သို့သော် ဘလွန်းဒီအော်ဆု ဟာ သူ့အိပ်မက် တခု ဖြစ်ကြောင်းကိုတော့ အခုလိုပဲ ကိုယ်တိုင်ဝန်ခံသွားခဲ့ ပါတယ်။

“ ကျနော့် ဟာ ဘလွန်းဒီအော်ဆု ကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ် ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ပဲ ကျေနပ်လှပါပြီ။ အရမ်းလဲ ဂုဏ်ယူပါတယ်။

ကျနော် ရယူထားတဲ့ အောင်မြင်မှုတွေကို ကြည့်လိုက်ဦးလေ ။ ဒီနှစ်မှ မဟုတ်ပါဘူး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလဲ ဆုပေးပွဲကို ဖျက်သိမ်းခဲ့သည့်တိုင်အောင် ကျနော်ဟာ ဆုဖလားတွေရော ၊ သွင်းဂိုးတွေပါ အများကြီး သွင်းယူပြနိုင်ခဲ့ပါတယ်” လို့ မာကာ နဲ့ အင်တာဗျူးမှာ ရင်ဖွင့် ထားခဲ့ ပါတယ်။

SM