ဗီလာ သမိုင်းကြောင်း တလျှောက် စံချိန်တင် အမြင့်ဆုံး လစာ ပမာဏမျိုး နဲ့ နည်းပြသစ် ဖြစ်လာတဲ့ စတီဗင် ဂျရတ်

အက်စ်တွန် ဗီလာ အသင်းဟာ ရိန်းဂျား အသင်းကို လျော်ကြေး ပေါင် 4 သန်း ပေးချေဖို့ အတွက် သဘောတူညီမှု ရယူနိုင်ခဲ့အပြီးမှာတော့ စတီဗင် ဂျရတ် ကို နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဟာ အန်ဖီးလ် နဲ့ လမ်းခွဲခဲ့ပြီး နောက်ပိုင်း 6 နှစ် အကြာမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီ နောက်တကြိမ် အခြေချနိုင်ခဲ့ပါပြီ။ သူ့ တစ်နှစ် လုပ်ခ လစာ ပမာဏဟာ ဗီလာ သမိုင်းကြောင်း တလျှောက်မှာ အမြင့်ဆုံး ပေးချေမှု နှုန်းထားလို့ သိရပြီး ၊ စုစုပေါင်း ပေါင် 5 သန်း ဝန်းကျင် ရှိနေပါတယ်။

ဂျရတ် ဟာ သူ အရမ်းအားကိုးရတဲ့ လက်ထောက် နည်းပြကြီးတွေ ဖြစ်တဲ့ မက်ခ် အလစ္စတာ ၊ မိုက်ကယ် ဘေးလ် တို့ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပြီး 3 နှစ်ခွဲ စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

ဗီလာ အသင်းရဲ့ အလုပ်အမှုဆောင်ချုပ် ခရစ္စတီယန် ပါလိုး နဲ့ ဂျရတ် တို့ဟာ မနေ့ညက လန်ဒန်က စားသောက်ဆိုင် တခုမှာ ညစာ အတူတူ သုံးဆောင်ခဲ့ကြပြီး နောက်ပိုင်း ဗီလာ နည်းပြရာထူးနဲ့ ပတ်သက်ပြီး အနာဂတ် စီမံကိန်းတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နည်းပြသစ် အဖြစ် တရားဝင် ဖြစ်လာပြီး နောက်ပိုင်းမှာတော့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်းကြီး က “ အက်စ်တွန် ဗီလာ ဟာ အင်္ဂလန် ဘောလုံး နယ်ပယ်က သမိုင်း အစဉ်အလာကြီးမားတဲ့ ကလပ် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီကလပ်ရဲ့ နည်းပြချုပ် ရာထူးမှာ အလုပ်လုပ်ကိုင်ခွင့်ရတော့မှာနဲ့ ပတ်သက်ပြီး အရမ်းကို ဂုဏ်ယူမိပါတယ်။

အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ Nassef နဲ့ Wes တို့ နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးတွေ ၊ ဘုတ်အဖွဲ့ဝင်တွေ နဲ့ မျက်နှာချင်း ဆိုင်ဖြစ်ခဲ့တဲ့ အစည်းအဝေးတွေမှာ သူတို့ရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လောက်အထိ ရည်မှန်းချက် ကြီးမားလဲ ဆိုတာ သိခွင့်ရတဲ့အတွက် ၊ ကျနော့် ဘက်ကလဲ အဲဒီ စီမံကိန်းတွေ အကောင်ထည် ဖော်လာနိုင်ဖို့ အကောင်းဆုံး ကူညီပေးချင်ပါတယ်။

တချိန်တည်းမှာပဲ ရိန်းဂျား နဲ့ ဆက်စပ်နေတဲ့ လူတွေ အားလုံး ကို ကျေးဇူးအထူးတင်တဲ့ အကြောင်း ပြောပါရစေ။ သူတို့ဟာ သမိုင်းကြောင်းထဲက ကြီးကျယ် ခမ်းနားတဲ့ ကလပ်တခုကို ဦးဆောင်ဖို့ ယုံကြည်မှု အပြည့်နဲ့ အပ်နှင်းခဲ့သလို ၊ 55 ကြိမ်မြောက် အမှတ်ပေးဖလားကြီးကိုလဲ စံချိန်တင် မှတ်တမ်းများစွာ နဲ့ သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီကလပ် က နေ့ရက်တိုင်းဟာ ကျနော့် ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာ ဖြစ်ပါတယ်။ ကစားသမားတွေ ၊ အသင်းက ဝန်ထမ်းတွေ နဲ့ ပရိသတ်တွေ အားလုံး ကိုလဲ အနာဂတ်မှာ ဆက်ပြီး လှပနိုင်စေဖို့ မေတ္တာပို့သ အပ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဂျရတ် ဟာ ရိန်းဂျား အသင်းမှာ 3 နှစ်ခွဲ အလုပ်လုပ်ကိုင်ခဲ့ပြီး ၊ ဆဲလ်တစ် စိုးမိုးထားတဲ့ ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲကြီးမှာ တော်လှန်ရေး လုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်ကိုင်ပြရင်း ၊ ရှုံးပွဲ မရှိ စံချိန်မှတ်တမ်းနဲ့ ဆုဖလားကြီးကို ဆွတ်ခူးပြခဲ့ပါတယ်။ သူ ရဲ့ ပြည်တွင်းလိဂ် ပြိုင်ပွဲ အနိုင်ရရှိမှု အနေအထားက 72% အထိတောင် ရှိပါတယ်။

သူဟာ 2019 ခုနှစ်က ဆဲလ်တစ် အသင်းကနေ နှုတ်ထွက်ပြီး လက်စတာ ကို ပြောင်းလဲ တာဝန်ယူခဲ့တဲ့ ဘရန်ဒန် ရော်ဂျာ ရဲ့ လမ်းစဉ်အတိုင်း ၊ ရာသီဝက် ကြားကာလကြီးမှာပဲ ရိန်းဂျား နဲ့ လမ်းခွဲကာ အက်စ်တွန် ဗီလာဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အက်စ်တွန် ဗီလာ အသင်းကလဲ ဒင်းန် စမစ် ကို ထုတ်ပယ်ပြီးနောက်ပိုင်း ၊ ချက်ခြင်း ဆိုသလို ဂျရတ် ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သလို အချိန်တို အတွင်းမှာ အောင်အောင်မြင်မြင် နဲ့ ခန့်အပ်နိုင်အောင် ကြိုးစားပြခဲ့ပါတယ်။

ဂျရတ် ရဲ့ ဗီလာ နည်းပြဘ၀ ပထမဆုံး ပွဲအဖြစ် ဘရိုတ်တန် နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ၊ ဒီဇင်ဘာလ 11 ရက်နေ့မှာတော့ အသင်းဟောင်း လီဗာပူး အသင်းနဲ့ အန်ဖီးလ် ကွင်းကြီးထဲမှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

SM