ဗီလာ ရီးယဲ အသင်းနဲ့ နိုင်ပွဲမှ အသင်းသား သုံးဦးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ယာယီ နည်းပြ ကာရစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် စပိန်မြေမှာ ဗီလာ ရီးယဲ အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းယူရင်း 0 – 2 ဆိုတဲ့ ရလဒ် နဲ့ လိုအပ်နေခဲ့တဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ ယူနိုက်တက် ယာယီ နည်းပြ မိုက်ကယ် ကာရစ်ဟာ အဓိက ကစားသမား နှစ်ဦးကို ချန်ထားခဲ့တဲ့ အတွက် အသင်းရဲ့ ကစားဟန်ဟာ ညံ့နေခဲ့ပြီး ပြိုင်ဖက် အသင်းရဲ့ ဖိအားပေး ကစားခြင်း တိုက်စစ်ဆင်ခြင်းတွေကို ခံခဲ့ရပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ၊ ရပ်ရှ်ဖို့တို့ ဝင်လာခဲ့တဲ့နောက် ယူနိုက်တက် အသင်းရဲ့ ကစားပုံဟာ ထူးထူးကဲကဲတိုးတက်လာခဲ့ပြီး ခံစစ်ကျစ်လျစ်အောင် ကစားနေခဲ့ရတဲ့ အသင်း အဖြစ်မှ ရုတ်ချည်း ဆိုသလို ဖိအားပေး ကစားသွားနိုင်ခဲ့ပါတယ် ။

ပွဲချိန် 77 မိနစ်မှာတော့ ပြိုင်ဖက်ဂိုးသမား နဲ့ နောက်ခံလူ ဖြစ်သူတို့ ဘောလုံး အပေးအယူ လုပ်နေစဉ် ဖရက်ဒ် က ဖိအားပေး ဝင်လုခဲ့ရာမှ တစ်ဆင့် ဘောလုံးဟာ ရော်နယ်ဒိုဆီ ရောက်ရှိသွားခဲ့ပြီး ပေါ်တူဂီသားဟာ ပါးနပ်စွာနဲ့ပဲ ဦးဆောင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲစဉ်ပြီးဆုံးခါနီးမှာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် နဲ့ ဆန်ချို့တို့ ချိတ်ဆက်ရင်း အပိတ်ဂိုးကိုပါ သွင်းယူသွားနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ဆန်ချို အတွက်တော့ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး သွင်းဂိုး ဖြစ်သွားခဲ့ရပါတယ် ။

ဒါ့အပြင် ချန်ပီယံလိဂ် အုပ်စု အဆင့်ပါ အောင်သွားခဲ့ခြင်းက ကာရစ် ရဲ့ ယူနိုက်တက် နည်းပြ ဘဝကို အဖွင့် လှသွားစေခဲ့ပါတယ် ။ ပွဲစဉ် အပြီးမှာတော့ ကာရစ် က ပုံစံကောင်းတွေ ပြသခဲ့ကြတဲ့ အသင်းသား သုံးဦးကို ထုတ်ဖော်ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ ဒီကို နိုင်ဖို့ လာခဲ့ကြတာလို့ ကြိုပြောဖြစ်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြသလို ဒီညအတွက် အဆင်သင့် ဖြစ်နေကြတယ်လို့လည်း ယုံကြည်မှု အပြည့်ထားရှိခဲ့ကြပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒါက လွယ်ကူတဲ့ ပွဲတော့ မဟုတ်ခဲ့ရပါဘူး ။ ဒါဟာ တကယ်ပဲ ခက်ခဲခဲ့ ပါတယ် ”

” သူတို့က တကယ့် အသင်းကောင်း တစ်သင်းပါ ။ သူတို့ကို အသေအချာ စောင့်ကြည့် မဖြစ်ခဲ့ဘူးဆိုရင် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ နားလည်မှာ မဟုတ်ပါဘူး ။ သူတို့ တကယ့် အသင်းကောင်း တစ်သင်းပါ ။ သူတို့ဟာ နေရာယူ ကစားစေအောင် အလုပ်တွေ ပေးခဲ့ကြပါတယ် ”

” ဒီညတော့ ကောင်လေးတွေ ကောင်းခဲ့ကြပါတယ် ။ သူတို့ဟာ ကြုံရင် ကြုံသလို အရည်အသွေး အားလုံးကို အနည်းငယ်စီ ပြသ သွားနိုင်ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ပွဲစဉ် အဆုံးသတ်သွားခဲ့တဲ့ ပုံစံကို ကျွန်တော် တကယ်ပဲ ကြည်နူးမိခဲ့ပါတယ် ”

” ကျွန်တော့်အတွက်တော့ ဒါဟာ အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းပဲလို့ ထင်မိပါတယ် ။ ကျွန်တော်တို့ စရိုက် လက္ခဏာ အချို့ ၊ ပွဲစဉ်ကို တူးဆွမှု အချို့ ၊ တိုက်ပွဲဝင်လိုစိတ် အချို့ကိုပြသခဲ့ရပါတယ် ။ အကြိမ်အတော်များများမှာ ပွဲစဉ်က ကျွန်တော်တို့ ကစားလိုတဲ့ ပုံစံမျိုး ဖြစ်ခဲ့ရပါတယ် ”

” အချို့ အကြိမ်တွေမှာတော့ ကျွန်တော်တို့ လိုချင်တာတွေ မဖြစ်ခဲ့ပဲ သူတို့ လွှမ်းမိုးနိုင်ခဲ့ကြပါတယ် ။ ပထမပိုင်း ပြီးခဲ့တဲ့ အခါမှာတော့ ကျွန်တော်တို့ အတူတကွ ပြန်လာနိုင်ခဲ့ပြီး လူစားဝင် ကစားသမားတွေက ကြီးမားတဲ့ အကျိုး သက်ရောက်မှုတွေ ပေးဆောင်နိုင်ခဲ့ကြပါတယ် ”

” ကျွန်တော် မျှော်လင့်ခဲ့တာ အဲ့တာပါပဲ ။ ကောင်လေးတွေ အစွမ်းကုန် ပေးဆပ်ခဲ့ကြပါတယ် ။ ဖရက်ဒ် ဟာ အံ့ဖွယ် အရာတွေ လုပ်ပြခဲ့ ပါတယ် ။ သူဟာ ဘောလုံးတွေ ပြန်လည် လုယူနိုင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ အဲ့တာတွေကို မျှော်လင့် နေခဲ့ကြတာပါ ”

” ရော်နယ်ဒိုကတော့ အဲ့ဒီကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို ကန်သွင်းပြနိုင်ခဲ့ ပါတယ် ။ အခုတော့ သူ့ရဲ့ မှတ်တမ်းထဲ နောက်တစ်ဂိုး ရောက်သွားပါပြီ ။ အဲ့တာ ပြီးရင်တော့ ဂျေဒန်လည်း တကယ်ပဲ ကောင်းခဲ့ပါတယ် ။ ဂျေဒန် ဆန်ချိုဟာ ဘယ်လောက်ထိ ဘောလုံးကိုင် ကစားရတာကို နှစ်သက်သလဲဆိုတာ ကျွန်တော် သိပါတယ် ”

” သူဟာ ဘောလုံးကိုင်ရင်း တစ်စုံတစ်ခု ဖြစ်လာအောင် လုပ်ပြချင်သူ တစ်ဦးပါပဲ ။ သူက အဲ့လို လုပ်ရရင် ပျော်နေတတ်သူ တစ်ဦးပဲလေ ။ အခြားတဖက်မှာတော့ သူဟာ ကွင်းထဲ တကယ်ပဲ ထူးကဲတဲ့ အားစိုက်ထုတ်မှုတွေနဲ့အတူ ခံစစ်ကိုပါ ဆင်းကူပေးနိုင်ခဲ့ပါတယ် ”

” ဒါဟာ သိပ်ကောင်းတဲ့ ရက်သတ္တပါတ် ဖြစ်နေမှာတော့ မဟုတ်ဘူး ဆိုတဲ့အကြောင်း ကျွန်တော့် ကစားသမားတွေကို ပြောထားခဲ့ပြီးသားပါ ။ ကျွန်တော် အခုလို ရလဒ်မျိုးကို အပျော်ကြီး ပျော်ရွှင်ခံစားလို့ရပါတယ် ။ ဒါပေမဲ့ ဒါက အိုလီ အတွက်ပဲလို့ ကျွန်တော် ခံစားခဲ့ရပါတယ် ” လို့ ကာရစ်က ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar