ဗီလာ နည်းပြရာထူးကို လက်ခံဖို့ စိတ်ဝင်စားနေတဲ့ ဂျရတ်

လီဗာပူး အသင်းခေါင်းဆောင်ဟောင်း လက်ရှိ ရိန်းဂျား နည်းပြ စတီဗင် ဂျရတ် ဟာ အက်စ်တွန် ဗီလာ နည်းပြသစ် ရာထူးကို လက်ခံရယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ဘက်ကလဲ ကနဦး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ၊ ဂျရတ် ရဲ့ သဘောထား အနည်းငယ်ကို သိခွင့်ရတဲ့ အတွက် ဒီတစ်ပတ်ထဲမှာပဲ တရားဝင် ဆက်သွယ်မှုတွေ စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အကယ်၍ ရိန်းဂျား နဲ့ ဗီလာ တို့အကြား ဘုံသဘောတူညီမှု တခု ရယူနိုင်ခဲ့မယ် ဆိုပါက ဂျရတ် နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အားလုံးဟာ ဗီလာ တာဝန်ရှိသူတွေ နဲ့ လက်ခံ တွေ့ဆုံ ဆွေးနွေးပေးဖို့ အသင့် ဖြစ်နေတယ်လို့ ဒီမနက် သတင်းတွေ က ဆိုပါတယ်။

ဂျရတ် ဟာ 2019 ခုနှစ် ဒီဇင်ဘာလ တုန်းကမှ ရိန်းဂျား နဲ့ 2024 ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပြီး ၊ အဲဒီ အထဲမှာ ကမ်းလှမ်းမှု တစ်စုံတရာ ရောက်ရှိလာပါက လျော်ကြေး ပေါင် 2 သန်း နဲ့ စာချုပ်ကို ဖျက်သိမ်းခွင့်ပေးရမယ် ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဘဏ္ဍာရေး အင်အား တောင့်တင်းထားပြီးသား ဖြစ်တဲ့ ဗီလာ အသင်း ပိုင်ရှင်တွေ အတွက် လျော်ကြေး ပေါင် 2 သန်း ဆိုတဲ့ ပမာဏာဟာ စကားထဲ ထည့်ပြောစရာ ကောင်းတဲ့ ပမာဏမျိုး မဟုတ်ပဲ ၊ အသင်း နဲ့ ထပ်တူကျမယ့် နည်းပြ တစ်ယောက် ရှာဖွေ နိုင်ဖို့ အတွက် အဓိက ကျနေပါတယ်။

လက်ရှိ အချိန်ထိ ဂျရတ် ဟာ ဗီလာ ရဲ့ ဦးစားပေး စာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်နေဆဲ ဖြစ်ပြီး ၊ ဆောက်သမ်တန် နည်းပြ ဟာဆန်ဟုသ် ၊ ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ် တို့က လျာထား စာရင်းမှာ ဆက်ရှိနေဆဲပါတယ်။ ဗီလာ ဘက်ကတော့ အသင်းကို သြဇာကြီးကြီး နဲ့ ကိုင်တွယ်ပြီး ၊ ဥရောပ ဝင်ခွင့် တနေရာ အတွက် စွမ်းဆောင်ပေးနိုင်မယ့် နည်းပြမျိုးကို လိုချင်နေတာ ဖြစ်ပါတယ်။

ဂျရတ် ဟာ လီဗာပူး ယူ 18 အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ရိန်းဂျား အသင်းဆီ စတင်ရောက်ရှိလာခဲ့ကာ ၊ စကော့တလန် ပြည်တွင်းပြိုင်ပွဲတွေကို စိုးမိုးထားတဲ့ ဆဲလ်တစ် တော်လှန်ရေး စီမံကိန်း ကို အောင်အောင်မြင်မြင် အကောင်ထည် ဖော်ပြခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ဆိုရင် ရှုံးပွဲ မရှိ စံချိန်မှတ်တမ်းတွေ နဲ့ ဖြတ်ကျော်က အမှတ်ပေးဖလားကြီးကို ပြန်လည် သိမ်းပိုက် ပြခဲ့သလို ၊ လက်ရှိ ဘောလုံးရာသီမှာလဲ ချန်ပီယံဆုကို ကာကွယ်ပြဖို့ အခြေနေကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ဒီလို ကြားကာလ အချိန်မျိုးမှာ အသင်းနဲ့ လမ်းခွဲဖို့ အစီအစဉ် မရှိခဲ့ပါဘူး။

သို့သော် ဗီလာ ရဲ့ စီမံကိန်း နဲ့ ကစားသမား စာရင်းက မျက်စိကျချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်လွန်းနေပါတယ်။ ဒါ့အပြင် ဗီလာ ဟာ ဂျရတ်ရဲ့ စိတ်ကြိုက် နည်းပြ အဖွဲ့ဝင်တွေကိုပါ ဖွဲ့ခွင့်ပေးသွားမှာ ဖြစ်လို့ ၊ ရိန်းဂျားမှာ လက်တွဲ အလုပ်လုပ်နေတဲ့ လက်ထောက် နည်းပြ ဂယ်ရီ မက်ခ်အလစ္စတာ ၊ မိုက်ကယ် ဘေးလ် တို့ကိုပါ ခေါ်ဆောင်လာဖွယ် ရှိနေပါတယ်။

မက်ခ် အလစ္စတာ ဆိုရင် အက်စ်တွန် ဗီလာ အသင်းကို ဂျရတ် ဟူလီယာ က ကိုင်တွယ်ခဲ့စဉ်က လက်ထောက် နည်းပြ အဖြစ်ပါ လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဂျရတ် ရဲ့ ရိန်းဂျား က စွမ်းဆောင်ရည်တွေဟာ လူငယ် နည်းပြ တယောက် အတွက် ချီးကျူးချင်စရာ ကောင်းလွန်းတာကြောင့် ၊ မကြာခဏ ဆိုသလို ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ရဲ့ ချဉ်းကပ်မှုတွေကို ဆက်တိုက် ခံခဲ့ရပါတယ်။ မကြာခင်ကမှ နည်းပြ အပြောင်းအလဲတွေ လုပ်ခဲ့ကြတဲ့ အသင်းတွေ ဆိုရင် အင်္ဂလန် ကစားသမားဟောင်းကြီးကို ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့သည့်တိုင်အောင် အက်စ်တွန် ဗီလာ လောက်တော့ ထိထိရောက်ရောက် ဖြစ်အောင် စကားပြောနိုင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိ ဗီလာ CEO ပါလိုး ကလဲ လီဗာပူး မှာ ဂျရတ် နဲ့ အတူတူ လက်တွဲခဲ့ဖူးသူတွေ ဖြစ်လို့ ၊ သူတို့ နှစ်ယောက် အကြားက ရင်းနှီး နဲ့ ဆက်ဆံရေး နဲ့ တယောက်အကြောင်း တယောက် နားလည်မှုတွေက ဗီလာ ကို အသင်းကြီး တသင်းဖြစ်အောင် တည်ဆောက်ပြဖို့ အဓိက ကျတဲ့ အချက်တခု ဖြစ်လာနိုင်မလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

SM