ဗန်ဒိုက်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကောင်းကို PL ထိပ်တန်းကလပ်တွေ လျစ်လျူရှုခဲ့ကြတယ်လို့ ထုတ်ဖော်လိုက်တဲ့ ဆဲတစ်ကင်းထောက်ဟောင်း

ဆဲတစ် ကင်းထောက်ဟောင်း ဖြစ်သူ ဒေးဗစ်မော့စ်က ဗာဂျယ်ဗန်ဒိုက် အနေနဲ့ လီဗာပူးလို ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတစ်သင်းမှာ ကစားရန် ဆောက်သမ်တန် အသင်းကို ကြားခံ အနေနဲ့ ပြောင်းရွေ့စရာတောင် မလိုအပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် top 6 ကလပ်တွေဟာ သူ့ရဲ့ အကြံပေးမှုကို လျစ်လျူရှုကာ အကြောင်းပြချက်တွေပဲ ပေးခဲ့တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

မော့စ်ဟာ ဗန်ဒိုက်ကို ဂရိုနင်ဂျန် မှ ဆဲတစ် အသင်းထံ ခေါ်ယူခဲ့ရာမှာ အဓိက နေရာကနေ ပါ၀င်ခဲ့သူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ နယ်သာလန် နောက်ခံလူဟာ ဆဲတစ်ကနေ ဆောက်သမ်တန်ကို ပေါင် ၁၃ သန်းနဲ့ ထွက်ခွာခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန် ကနေ ပရီးမီးယားလိဂ် ထိပ်တန်းကလပ် လီဗာပူးကို စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွေ့နိုင်ခဲ့ပေမယ့် မော့စ်က ဒီအပြောင်းအရွေ့ဟာ ဒီထက် စောစော ဖြစ်ခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။

 

မော့စ်က “ဗန်ဒိုက် ဆဲတစ်မှာ ကစားနေစဉ်တုန်းက ပရီးမီးယားလိဂ် ထိပ်တန်းကလပ် တော်တော်များများဟာ ကျွန်တော့်ကို ဗန်ဒိုက်ရဲ့ အရည်အသွေးနဲ့ ပက်သက်ပြီး ဖုန်းဆက်မေးလေ့ ရှိခဲ့ပါတယ်။ ကျွန်တော် အားလုံးကို အမြဲတမ်း တစ်ပုံစံတည်း ပြောလေ့ ရှိပါတယ်။ ‘သူဟာ ကလေးကစားကွင်းမှာ ကစားနေတဲ့ လူကြီးလိုပဲ’ ‘သူဟာ ရောင်ကိုင်းနေတဲ့ လက်မလို ထင်းနေတာပဲ’ ‘သူ့ကိုသာ ချက်ချင်း ခေါ်ယူလိုက်ပါ။ သိပ်အများကြီး တွေးမနေပါနဲ့’ ဆိုပြီး ကျွန်တော် ပြောခဲ့ပါတယ်။

ဗန်ဒိုက်ဟာ လျှင်မြန်ပြီး အမြင့်ဘောတွေမှာ သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ သူ့ကို တစ်ဦးချင်း ကျော်ဖြတ်နိုင်မှာ မဟုတ်သလို သူဟာ ကိုက် ၆၀ လောက် အကွာအဝေးကို အတိအကျ ပေးပို့နိုင်သူပါ။ ပြီးတော့ သူဟာ ဖရီးကစ်တွေလည်း သွင်းယူခဲ့ပါတယ်။ မယုံနိုင်စရာကောင်းတာ ကတော့ ကျွန်တော်ဟာ သူ့တို့ဆီက ဟိုလိုလို ဒီလိုလို အကြောင်းပြချက်တွေပဲ ရခဲ့ပါတယ်။ သူတို့ဟာ စကော့တလန်လိဂ်မှာ ဗန်ဒိုက် ပြသခဲ့တဲ့ စွမ်းဆောင်ရည် အပေါ် အထင်ကြီးမှု မရှိခဲ့ဘဲ ကျွန်တော်ပြောတာလည်း နားမထောင်ခဲ့ပါဘူး။

ဆဲတစ်မှာ ရှိတဲ့သူတွေ အားလုံးကတော့ သူ့ကို လုံး၀ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကက လူတော်တော်များများ ကတော့ နားမထောင်ခဲ့ကြပါဘူး။ ကျွန်တော့် အမြင်ကတော့ သူဟာ ဆောက်သမ်တန်ကို လှေကားထစ် တစ်ခုအနေနဲ့တောင် မလိုအပ်ခဲ့ပါဘူး။ သူဟာ ဆဲတစ်ကနေ ပရီးမီးယားလိဂ် big 6 တစ်သင်းသင်းမှာ ပြောင်းကစားဖို့ အသင့် ဖြစ်နေခဲ့ပါတယ်။ သူတို့ဟာ ဗန်ဒိုက်ကို ပေါင် ၁၅ သန်း ၀န်းကျင်လောက်နဲ့ ခေါ်ယူဖို့ အတွက်တောင် လုံလောက်တဲ့ ရဲရင့်မှု မရှိခဲ့ကြပါဘူး။” လို့ ဆိုသွားပါတယ်။

ဗန်ဒိုက် အတွက် ပေါင် ၇၅ သန်းထိ အသုံးပြုခဲ့တဲ့ လီဗာပူးဟာ ၎င်းရောက်ရှိလာခဲ့ပြီးနောက် ကာလရှည် ပြသနာဖြစ်နေတဲ့ ခံစစ်ပိုင်း တောင့်တင်းသွားခဲ့သလို ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဘလွန်းဒေါဆု အတွက် ရွေးချယ်ရာမှာ မက်ဆီရဲ့နောက် runner-up ရရှိခဲ့ပါတယ်။

SM