ဖိအားတွေ များပြားနေတဲ့ ဆိုးရှားဘက်ကနေ ကာကွယ်ပြောဆိုပေးလိုက်တဲ့ လီဗာပူးနောက်ခံလူဟောင်း

လီဗာပူး ဘယ်နောက်ခံလူဟောင်း ဖြစ်သူ ဂျွန်အာနီရီဆားက အိုလီဂန်နာဆိုးရှားရဲ့ လက်အောက်မှာ အသင်းရဲ့ ကစားပုံ နဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားလျက် ရှိနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ ဒါတွေကို ဂရုစိုက်ဟန် မရှိဘူးလို့ ပြောလိုက်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူး နဲ့ မန်စီးတီး တို့ကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် နောက်ဆုံး ၁၀ ပွဲမှာ ၅ ပွဲထိ ရှုံးထားခဲ့ပြီး နည်းပြ ဆိုးရှားဆီမှာ ကြီးမားတဲ့ ဖိအားတွေ ကျရောက်လျက် ရှိနေပါတယ်။

 

ဒါပေမယ့်လည်း ရီဆားဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဖြစ်သူ ဘက်ကနေ ကာကွယ် ပြောဆို ပေးသွားခဲ့ပြီး နိုင်ငံတကာ ပွဲစဉ် ကာလ အပြီးမှာ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်း ဒီထက် ပိုမို တိုးတက်ဖို့ လိုအပ်နေတယ်လို့ ပြောသွား ပါတယ်။

ရီဆားက “လူပုဂ္ဂိုလ် တစ်ဦး အနေနဲ့ ကျွန်တော် သူ့အတွက် စာနာမိပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာပေါ်မှာ အကြီးကြယ်ဆုံး အလုပ်တွေ ထဲက တစ်ခုကို တာ၀န်ယူ ကိုင်တွယ်နေသူ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ယခုလိုမျိုး ကောင်းကောင်း လုပ်ပြနိုင်ခြင်း မရှိတဲ့ အချိန်တွေမှာ မန်နေဂျာရဲ့ စွမ်းဆောင်ရည် အပေါ် လက်ညှိးထိုး ဝေဖန်သွားဖို့က လွယ်ကူလှပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲ ၄ ပွဲကို ကျွန်တော် ကြည့်ဖြစ်ခဲ့တဲ့ အချိန်မှာ ကစာသမားတွေရဲ့ attitude ဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ခင်ဗျားတို့ အနေနဲ့ အရာအားလုံး အတွက် မန်နေဂျာကိုပဲ အမြဲ အပြစ်တင်သွားလို့ မရပါဘူး။

ကစားသမားတွေရဲ့ မဆုတ်မနစ် အားထုတ်မှု ၊ အရှုံးမပေးတမ်း ကစားမှု နဲ့ ကလပ် အတွက် တိုက်ပွဲ၀င်လိုစိတ်တွေကို ကြည့်လိုက်ပါ။ ယူနိုက်တက် ကစားသမားတွေ ဆီမှာ ဒါတွေကို မတွေ့ရပါဘူး။ ဒါဟာ ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ နည်းစနစ်ပိုင်း ကြွယ်၀လှတဲ့ ကစားသမား တစ်ဦး မဟုတ်ခဲ့ပေမယ့် ဘယ်သူနဲ့ပဲ ကစားရသည် ဖြစ်စေ အသင်းအတွက် ၁၁၀% တော့ အနည်းဆုံး ပေးဆပ် ကစားခဲ့ပါတယ်။ မန်ယူနိုက်တက် ကစားသမားတွေကို အခု ကြည့်လိုက်ပါ။ သူတို့ ဒါတွေကို ဂရုစိုက်ဟန် မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ရီဆားဟာ လီဗာပူး အတွက် ၃၄၈ ပွဲ ကစားပေးခဲ့ကာ ချန်ပီယံလိဂ်ဖလား အက်ဖ်အေဖလား နဲ့ လိဂ်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ လီဗာပူး ဘယ်နောက်ခံလူဟောင်းက သူ ကလပ်မှာ ရှိခဲ့တဲ့ အချိန် စတီဗင်ဂျာရတ် နဲ့ ဂျေမီကာရေဂါ တို့လို ကစားသမားတွေကြောင့် သူ့လီဗာပူး အသင်းဖော်ဟောင်းတွေဟာ ဘယ်တုန်းကမှ ဆိုးရွားတဲ့ attitude တွေကို မပြသခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး နော်ဝေး လက်ရွေးစင်ဟောင်းက “အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ကစားသမားတွေ ဘက်က သိပ်ပြီး မကြိုက်တာ ဖြစ်နိုင်သလို ပွဲတွေမတိုင်မီ လေ့ကျင့်ရေးကွင်းမှာ ဆိုးရှားရဲ့ နည်းစနစ်ပိုင်းတွေကို သဘောမကျတာလည်း ဖြစ်တက်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ဟာ မန်နေဂျာကို ထောက်ပံ့ဖို့ ၊ ပရိတ်သတ်တွေ အတွက် ကစားပေးဖို့ ငွေကြေးများစွာနဲ့ အလုပ်လုပ်နေကြသူတွေပါ။ ကျွန်တော် လီဗာပူးမှာ ကစားခဲ့စဉ် အကယ်၍ ကစားသမားတွေ ဘက်က ဒီလို ဆိုးရွားတဲ့ attitude တွေ ပြသခဲ့မယ် ဆိုရင် စတီဗီ နဲ့ ဂျေမီကာရေဂါ တို့ဟာ ကျွန်တော်တို့ကို ဆဲဆို ကြိမ်းမောင်း သွားကြမှာပါ။” လို့ ဆိုခဲ့ပါတယ်။

SM