ပွဲအပြီးမှာ ကလော့ပ် ကို လက်ဆွဲ နှုတ်ဆက်မှာ မဟုတ်ဘူးလို့ ပေါ်ပေါ်တင်တင် ပြောဆိုလိုက်တဲ့ ဆီမြွန်နီ

မက်ထရိုပိုလီတာနို ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲအပြီး အေတီကိုနည်းပြ ဆီမြွန်နီ ဟာ ကလော့ပ်ကို လက်ဆွဲ နှုတ်ဆက်ခြင်း မရှိပဲ အဝတ်လဲခန်း အတွင်းကို တန်းဝင်သွားခဲ့ပါတယ်။

အဲဒီကိစ္စဟာ ပရိသတ်တွေ အကြား ပြောစရာ ဖြစ်ခဲ့သလို ၊ မီဒီယာ သမားအများစု အပြင် ဝေဖန်သုံးသပ်သူတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ဘောလုံးသမားဟောင်းတွေ ကပါ ဝေဖန်ခဲ့ကြပါတယ်။

သို့သော် ဆီမြွန်နီ ကိုယ်တိုင်ကတော့ အဲဒီ ဝေဖန်မှုတွေ ကို လုံး၀ အလေးမထားပဲ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် အန်ဖီးလ် က ဒုတိယ အကျော့ ပွဲအပြီးမှာလဲ ကလော့ပ် ကို လက်ဆွဲ နှုတ်ဆက်မှာ မဟုတ်တဲ့ အကြောင်း အခုလို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော် က ပွဲအပြီး လက်ဆွဲ နှုတ်ဆက်ကြတာမျိုးတွေကို သဘောမကျပါဘူး ဘာလို့လဲ ဆိုတော့ နှစ်ဖက်စလုံးက စိတ်ခံစားချက် အပြည့်နဲ့ ကွင်းထဲမှာ ယှဉ်ပြိုင် ကစားထားကြတာလေ။

ဒီကိစ္စက ယူကေ ရဲ့ အစဉ်အလာ တခုဆိုတာ ကျနော် သဘောပေါက် ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုေးတွ မလုပ်ချင်ပါဘူး။ စိတ်မပါပဲ နဲ့ ဟန်ဆောင်လုပ်ရတဲ့ အလုပ်မျိုးကို ကျနော်က ဘယ်တုန်းကမှ လုပ်လေ့မရှိတာပါ။

ကလော့ပ်ဟာ ထိပ်တန်း မန်နေဂျာ တယောက် ဖြစ်သလို ၊ ရောက်တဲ့ ကလပ်တိုင်းမှာလဲ အကောင်းဆုံးတွေ လုပ်ပြခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် သူ နဲ့ ကျနော်က လူချင်းတောင် ရင်းနှီးမှု မရှိပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး နည်းပြကြီး ကလဲ ဆီမြွန်နီ က အခုလို ပြောဆိုလာမှု အပေါ် ပွင့်ပွင့်လင်းလင်းပဲ တုန့်ပြန်လိုက်ပြီး ၊ စပိန် မှာ ကစားခဲ့ ကတည်းက အဲဒီလိုမှန်း ကြိုသိခဲ့ရရင် လက်ကမ်းပေးစရာ အကြောင်းမရှိခဲ့ဘူးလို့ ပြန်လည် မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ကျနော် က သူ့ရဲ့ စွမ်းဆောင်ရည်တွေကို လေးစားမှု အပြည့်ထားပြီးသာပါး ထိပ်တန်း အသင်းတွေ နဲ့ ပုခုံးချင်း ယှဉ်ပြီး နှစ်စဉ် နှစ်တိုင်း ပုံစံမပျက် ကစားပြနေတာ ချီးကျူးဖို့ ကောင်းပါတယ်။

တကယ်လို့သာ သူက ပွဲအပြီး လက်ဆွဲ နှုတ်ဆက်ဖို့ ဆန္ဒမရှိမှန်း ကြိုသိထားခဲ့မယ် ဆိုရင် ကျနော့်ဘက်ကလဲ လက်ကမ်းပေးစရာ အကြောင်းကို မရှိပါဘူး။ သူ့ဘက်က အခုလို ပွင့်ပွင့်လင်းလင်း ပြောလာတော့ ကောင်းတာပေါ့ ၊ ဒါက ပြသနာ မရှိပါဘူး။ မနက် အန်ဖီးလ်မှာ တွေ့ရင် ပွဲ မစခင်ပဲ လက်ဆွဲနှုတ်ဆက် မှာ ဖြစ်ပါတယ်” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

ဒီပွဲမှာ လီဗာပူး အတွက် အားထားရတဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ တီယာဂို နဲ့ ဖာဘင်ဟို တို့ဟာ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ အဲဒီ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့တော့ ကလော့ပ် က –

“ နာဘီ ကီတာ က တံကောက်ကြော ဒဏ်ရာ ရရှိသွားတာ ဖြစ်လို့ တခဏတာ အနားယူရဦးမယ် ထင်ပါတယ်။
မေလ်နာ ကတော့ သေချာပေါက် ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကာလရှည် အနားယူနေရတဲ့ ဟာဗေးကလဲ မျှော်လင့်ချက် မရှိသေးပါဘူး။

တီယာဂို နဲ့ ဖာဘင်ဟို တို့ကတော့ ပုံမှန် အတိုင်း လေ့ကျင့်ခန်း အစီအစဉ်တွေကို လုပ်ဆောင်နိုင်ပြီ ဖြစ်လို့ ဒီပွဲမှာ ပါဝင်လာနိုင်ချေတွေ ရှိပါတယ်။ ဒါဟာ အသင်းအတွက် သတင်းကောင်း တခုပါ။ အထောက်အကူတွေလဲ အများကြီး ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

ဒဏ်ရာပြသနာတွေ ရင်ဆိုင်ရတယ် ဆိုတာ ဘောလုံးရာသီ တခုအတွင်း ရင်ဆိုင်ရနေကြ ပြသနာ တခုပဲလေ။ ကျနော်တို့ အနေနဲ့ ဒါတွေကို လက်ခံနိုင်အောင် ကြိုးစားရမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ချန်ပီလိဂ် မှာ မရဏ အုပ်စု အတွင်း ကျရောက်ခဲ့ပေမယ့် သုံးပွဲကစားအပြီး သုံးပွဲစလုံး အနိုင်ရကာ နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားနေပြီ ဖြစ်ပါတယ်။

SM