ပွဲစဉ် ၁၃ မတိုင်မီ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းသွားခဲ့တဲ့ ရှောင်ရိုက်ဖီးလစ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာတော့ သောမတ်တူချယ်ရဲ့ အသင်းဟာ ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဦးဆောင်လျက် ရှိနေပြီး ချဲလ်ဆီးဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲတစ်ပွဲသာ ရှိထားခဲ့တဲ့ အပြင် ပေးဂိုး ၄ ဂိုးသာ ရှိထားကာ ခံစစ် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။

ချဲလ်ဆီးဟာ ဒီတစ်ပတ်မှာ ဒီရာသီ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပြီး the Blues တို့ဟာ အဓိက တိုက်စစ်မှုး ဖြစ်သူ ရိုမီလူလူကာကူ ကို ဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့ရပေမယ့်လည်း ကြားရက်က ဂျူဗင်တပ်ကို ချန်ပီယံလိဂ်မှာ ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် နိုင်ပွဲတွေ ဆက်နေခဲ့ပါတယ်။

ကြားရက်က ပီအက်ဂျီကို အီတီဟတ်မှာ ခြေစွမ်းအသာနဲ့ ကစားကာ အနိုင်ယူထားခဲ့တဲ့ မန်စီးတီး ကတော့ ချဲလ်ဆီးရဲ့နောက် ၃ မှတ်အကွာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ တူချယ်ရဲ့ အသင်းကို အနိုင်ရထားခဲ့တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ နောက်တဆင့် တက်ထားခဲ့တဲ့ လီဗာပူးကလည်း မန်စီးတီးရဲ့နောက် တစ်မှတ်အကွာမှာ ရပ်တည်နေပြီး ကြားရက်က ပေါ်တိုကို အရန်ကစားသမား အများစုနဲ့ အနိုင်ယူထားခဲ့သလို နောက်ဆုံးလိဂ်ပွဲစဉ်မှာလည်း ခြေစွာနေတဲ့ အာဆင်နယ်ကို အန်ဖီးမှာ ၄-၀ နဲ့ နိုင်ထားခဲ့ပါတယ်။

အင်္ဂလန် တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ရိုက်ဖီးလစ်က ချဲလ်ဆီးဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံ ပြသလျက် ရှိနေပေမယ့်လည်း title race မှာ မန်စီးတီးရဲ့ အတွေ့အကြုံကောင်းတွေ ရှိထားမှုကြောင့် ပက်ဂွာဒီယိုလာရဲ့ အသင်းသာ ရာသီကုန်မှာ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒ့ါအပြင် ချဲလ်ဆီးနဲ့ မန်စီးတီး ကစားသမားဟောင်းက ဒီရာသီ top 4 ၀င်နိုင်မယ့် အသင်းတွေကိုလည်း ခန့်မှန်း ပေးခဲ့ပါတယ်။

ရှောင်ရိုက်ဖီးလစ်က “အကယ်၍ မန်ချက်စတာစီးတီးသာ ပြီးခဲ့တဲ့ နွေရာသီက တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် သူတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် title race မှာ တစ်ကောင်တည်း ပြေးနေလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ လက်ရှိမှာ မန်စီးတီးဟာ false 9 နဲ့ ကစားနေပေမယ့် သူတို့ပဲ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ စီးတီးဟာ အမှတ်ပေးဖလားလို ကာလရှည် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာ သူတို့ ဘာလုပ်နိုင်သလဲ ဆိုတာကို ပြီးခဲ့တဲ့နှစ်တွေ ကတည်းက သက်သေပြထားခဲ့ပြီး ဖြစ်လို့ ပါပဲ။

ဒါ့ကြောင့် ကျွန်တော် ကတော့ ရာသီကုန်မှာ မန်စီးတီး ချဲလ်ဆီး နဲ့ လီဗာပူးတို့ အစဉ်လိုက် ရပ်တည်နေလိမ့်မယ်လို့ ရွေးချင်ပါတယ်။ အဆင့် ၄ နေရာ အတွက် ကိုတော့ မထင်မှတ်ထားတဲ့ အသင်းက ရယူသွားလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ ဒီနေရာကို ၀က်ဟမ်းတို့ ရယူ သွားလိမ့်မယ်လို့ပဲ ကျွန်တော် ရွေးချယ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

၀က်ဟမ်းဟာ ဒီရာသီမှာ ပုံစံကောင်းကို ပြသလျက် ရှိနေပြီး နောက်ဆုံး ပွဲစဉ်မှာ ဝုဖ်ကို ရှုံးထားခဲ့ပေမယ့်လည်း အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒေးဗစ်မိုရက်ရဲ့ အသင်းဟာ ဒီတစ်ပတ်မှာတော့ အီတီဟတ်မှာ စီးတီးနဲ့ ပွဲကျပ် ကစားသွားရမှာ ဖြစ်ပြီး ဒါဟာ လန်ဒန်ကလပ် အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်နေပါတယ်။

SM