ပြီးပြည့်စုံတဲ့ ကစားသမားခေါ်ယူမှုပါပဲ’ ဆောက်သမ်တန်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်အပြီး လီဗာပူးစတားကို ချီးကျူးလိုက်တဲ့ ကလော့

လီဗာပူး အသင်းဟာ မနေ့ညက ဒီယေဂိုဂျိုတာရဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုး ၊ တီယာဂို ၊ ဗာဂျယ်ဗန်ဒိုက် တို့ရဲ့ ဂိုးတွေနဲ့ အတူ ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ယူကာ အန်ဖီးမှာ တစ်ပတ်အတွင်း ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။ လီဗာပူးဟာ ဒီနိုင်ပွဲအပြီးမှာ ထိပ်ဆုံးနေရာက ချဲလ်ဆီးနဲ့ တစ်မှတ်အကွာ အဆင့် ၂ နေရာကို တက်လာခဲ့ပြီး လာမည့် ဒီဇင်ဘာ ပွဲကျပ်ကာလ မတိုင်မီ အကောင်းဆုံး ပုံစံကို ရရှိနေပါတယ်။

ဒီပွဲစဉ် အပြီးမှာ ယာဂန်ကလော့က သွင်းဂိုး ၂ ဂိုး အပြင် အကောင်းဆုံး ရွေ့လျားမှုတွေနဲ့ ပြိုင်ဘက်ကို ကောင်းကောင်း ဒုက္ခပေးခဲ့တဲ့ တိုက်စစ်မှုး ဒီယေဂိုဂျိုတာကို အထူး ချီးကျူးသွားခဲ့ပါတယ်။ ဂျိုတာဟာ ဒီရာသီ လီဗာပူးရဲ့ front three မှာ ရော်ဘတ်တိုဖာမီနိုနဲ့ အလှည့်ကျ ပွဲထွက်နေရပေမယ့်လည်း လက်ရှိ အချိန်မှာတော့ လိဂ်သွင်းဂိုး ၇ ဂိုးနဲ့ အတူ သွင်းဂိုးဇယားရဲ့ ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။

ဂျိုတာနဲ့ ပက်သက်ပြီး ကလော့က “တကယ့်ကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး ထူးချွန်တဲ့ ကောင်လေး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ခေါ်ယူခဲ့တဲ့ ဒီယေဂိုဟာ ကျွန်တော်တို့ အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ လီဗာပူး ကစားသမားတစ်ဦးမှာ ရှိသင့်တဲ့ အရည်အသွေးတွေ အားလုံး ရှိနေလို့ပါ။ သူ့မှာ နည်းစနစ်ပိုင်း ကြံ့ခိုင်မှုပိုင်း အပြင် သူဟာ အရမ်းကို တော်ပြီး နည်းစနစ်ပိုင်း အားလုံးကို လျှင်မြန်စွာနဲ့ သင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ တိုက်စစ်မှာ နေရာ ၃ နေရာစလုံး ကစားပေးနိုင်ပြီး ၄-၂-၃-၁ မှာလည်း သူဟာ နံပါတ် ၁၀ အဖြစ် ကစားနိုင်စွမ်း ရှိပါတယ်။ ဒါ့ကြောင့် ဒါဟာ အရမ်းကို အကူအညီ ဖြစ်ပါတယ်။

သူ့မှာ လျှင်မြန်တဲ့ ပြေးအား ၊ အရာအားလုံးကို အကောင်းဆုံး အဆုံးသတ်ချင်တဲ့ ဆန္ဒတို့ ရှိနေပါတယ်။ သူ့ရဲ့ သွင်းဂိုးမှတ်တမ်း ကလည်း တကယ့်ကို ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကံမကောင်းစွာနဲ့ သူဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ကြီးကြီးမားမား ရခဲ့ပါတယ်။ ဒါဟာ အကူအညီ မဖြစ်စေပါဘူး။ ဒါပေမယ့် သူ ပြန်လာခဲ့ပြီး ဒီအသင်းမှာ ကောင်းစွာ အသားတကျ ကစားနေပါတယ်။ ကျွန်တော် သူ့အတွက် တကယ် ပျော်ပါတယ်။ ဒီနေ့မှာ သူဟာ ဂိုးမသွင်းမီ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အားလုံး ကောင်းပါတယ်။ ဒီယေဂိုဟာ ကစားသမားကောင်း တစ်ဦးပါ။”

ဆက်လက်ပြီး ကလော့က “သူ ဒီကို ပြောင်းလာခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒီကို မလာခင် front three မှာ သူနေရာရပမလား ဆိုပြီး မေးခွန်းတွေ ထုတ်ခဲ့ကြပေမယ့် သူဟာ ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ ဒါကို ဖြေခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမြဲတမ်း ပုံသေ line-up ကို ထုတ်နေမှာ မဟုတ်ပါဘူး။ အသင်းမှာ ရှိတဲ့ အခြား ကစားသမားတွေ ကလည်း တကယ် ကောင်းကြပါတယ်။ ဒါဟာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ တစ်ရာသီလုံး ပွဲ ၅၀ ကျော် ကစားမယ့် အစား တကယ်ကောင်းတဲ့ ၃၅ ပွဲပဲ ကစားနိုင်ဖို့ အရေးကြီးပါတယ်။

ကစားသမားတွေကို အလှည့်ကျ အနားပေးတာဟာ ပုံမှန် အခြေအနေပါ။ ဒီလို ကာလမျိုးတွေမှာ ကစားသမား ၁၁ ယောက်ထက် ပိုမို လိုအပ်ပါတယ်။ front three နဲ့ ကစားနေပေမယ့် ကျွန်တော်တို့ အနေနဲ့ တိုက်စစ်မှုး ၃ ဦးနဲ့ မလုံလောက်ပါဘူး။ သူဟာ ဒီအခွင့်အရေးကို မြင်နိုင်တဲ့ ထက်မြက်မှု ရှိပြီး ဒါ့ကြောင့် သူ လီဗာပူးကို ပြောင်းလာခဲ့တာပါ။ ဒါ့ကြောင့် သူဟာ ဒီမှာ ကောင်းကောင်း လုပ်ပြနေနိုင်တာ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM