ပြီးခဲ့တဲ့ နွေရာသီ က အငှားမထွက်ဖြစ်လိုက်တဲ့ ချဲလ်ဆီး ကြယ်ပွင့်ရဲ့ လတ်တလော စွမ်းဆောင်ရည် အပေါ် ခွဲခြမ်းစိတ်ဖြာခဲ့တဲ့ တူချယ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ ချဲလ်ဆီး အသင်း ဟာ အသုံးမလိုတဲ့ ကစားသမား အရေအတွက် ၅၀ကျော်ကို ရှင်းထုတ်နိုင်ခဲ့ပြီး ၊ ထိုအထဲမှာ အငှားထွက်ခဲ့ကြတဲ့ ကစားသမား ဦးရေ အယောက် ၂၀ ကျော် ရှိခဲ့ပါတယ် ။

တဖက်မှာလည်း အပြောင်းအရွှေ့ နောက်ဆုံးရက် ရောက်တဲ့ အထိကို အငှားနဲ့ လာရောက် ကမ်းလှမ်းမှု မရှိခဲ့တာကြောင့် ၊ ချဲလ်ဆီး စီနီယာ အသင်းမှာပဲ သောင်တင်နေခဲ့တဲ့ ကြယ်ပွင့် တချို့လည်း ကျန်ရှိနေပါသေးတယ် ။

အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီးမှာ အငှားထွက်ဖို့ ကျယ်ကျယ်လောင်လောင် သတင်းထွက်ခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့်တွေထဲမှာ ၊ အကယ်ဒမီထွက် အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းလည်း အပါအဝင် ဖြစ်ပါတယ် ။

အိုဒွိုင်း ဟာ စျေးကွက် မပိတ်သိမ်းမီ တပတ် အလိုလောက်မှာ ၊ ဒေါ့မွန် အသင်းရဲ့ စိတ်ဝင်စားမှု ကို ရရှိခဲ့ပြီး ၊ ကလပ် ၂သင်း အကြား အငှား တရာသီ အတွက် ဆွေးနွေးမှုတွေပင် လုပ်ခဲ့ကြပါသေးတယ် ။ သို့ပေမယ့် အဆုံးမှာ ဒေါ့မွန် က အိုဒွိုင်းကို အငှားခေါ်မယ့် အစီအစဉ် ပျက်ပြယ်ခဲ့ရပါတယ် ။

ဒီရာသီ အစောပိုင်းမှာ အိုဒွိုင်း ဟာ ချဲလ်ဆီး အသင်း အတွက် ကစားပေးခဲ့ရာမှာ ၊ ညာ wing-back နေရာကနေ စတင်ခဲ့ရတာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၊ နောက်ပိုင်း ပွဲတွေမှာ ကလပ် အတွင်း အဓိက တိုက်စစ် ကစားသမားတွေရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် အိုဒွိုင်း ဟာ ဘယ်တောင်ပံ တိုက်စစ် နေရာကနေ ပွဲထွက်ခွင့်တွေ ဆက်တိုက် ရခဲ့ပါတယ် ။

လတ်တလောမှာ ခြေစွမ်းပြန်ပြနေတဲ့ အိုဒွိုင်းနဲ့ ပတ်သက်ပြီး မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ” ပြီးခဲ့တဲ့ နွေရာသီမှာ ကော်လမ်ကို ကျွန်တော်တို့က အငှားထွက်စေချင်ခဲ့တာမျိုး မဟုတ်ပါဘူး ။ အခုတော့ သူ ဒီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကို ကျွန်တော်တို့ ဝမ်းသာရပါတယ် ။ ကျွန်တော်တို့ဟာ ဒီ ကစားသမား အင်အားနဲ့ အသင်းကို တည်ဆောက်နေပြီး ၊ ကော်လမ် ဟာ ဒီပရောဂျက်မှာ အုတ်တချပ် သဲတပွင့် အပါအဝင် ဖြစ်ပါတယ် ။ ”

” သူကိုယ်တိုင်လည်း ဒီအသင်းမှာ ပွဲကစားခွင့် မိနစ်တွေ ရဖို့ ခက်ခဲမယ် ဆိုတာ သိထားပါတယ် ။ တခြား ကလပ် တသင်းသင်းဆီ အငှားထွက်လိုက်ရင်တော့ သူ့အတွက် ပွဲကစားခွင့်တွေက ပိုပြီး လွယ်ကူနိုင်ပါတယ် ။ ဒါပေမယ့် အမြဲတမ်း ဒီလိုဖြစ်နေမယ်လို့တော့ ခင်ဗျား အနေနဲ့ တရားသေ တွက်ထားလို့ မရပါဘူး ။ ”

” ပုံမှန် ပွဲကစားခွင့်နဲ့ ပတ်သက်ပြီး လာမေးတော့ ကျွန်တော်ကလည်း သူ့ကို ပြတ်ပြတ်ပဲ ၊ ဒါက မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ သူ့ကို မှီခို အားထားသလို ၊ သူဟာ ဒီအသင်းရဲ့ အခန်းကဏ္ဍ တရပ်ရပ်မှာ ပါဝင်နေတာကို လက်ခံရပါမယ် ။ ဒီကလပ်မှာ သူဟာ ဒီထက် အများကြီး တိုးတက်နိုင်ပါသေးတယ် ။ ”

” အစောပိုင်းမှာ သူ့ကို ညာ wing-back မှာပဲ သုံးနေလို့ မျှတမှု ရှိခဲ့ရဲ့လား? ဟုတ်ချင်မှ ဟုတ်ပါလိမ့််မယ် ။ ဒါပေမယ့် သူဟာ ဒီဆုံးဖြတ်ချက်ကို ကလပ် အတိုင်းအတာနဲ့ မဖြစ်မနေ လက်ခံခဲ့ရပါတယ် ။ သူဟာ အမြဲတမ်း အကောင်းမြင်တတ်သလို ၊ မှန်ကန်တဲ့ စိတ်ဓာတ် ခံယူချက်ကို ပြသထားပါတယ် ။ ”

” ဘယ်တောင်ပံ တိုက်စစ်မှာ ကစားရင် သူဟာ ပိုပြီး ထက်မြက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်တယ် ဆိုတာ ရာသီကြို ပြင်ဆင်မှုမှာ ကျွန်တော်တို့ မြင်ခဲ့ရပြီးသားပါ ။ ဒီရာသီ အစပိုင်းမှာတော့ ပုံမှန် ကစားခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ သူ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ် ။ ”

” ဒါပေမယ့် အခုအခါ ကျွန်တော်တို့မှာ ဒဏ်ရာ ပြဿနာ တချို့ ရှိလာတော့ သူ့ကို ကျွန်တော်တို့ လိုအပ်ခဲ့ပြီး ၊ နေရာ ပြန်ပေးတဲ့ အခါမှာလည်း သူ အကောင်းဆုံး ပေးဆပ်နိုင်ခဲ့ပါတယ် ။ အရင် က ကျွန်တော် အမြဲ ပြောခဲ့ဖူးတဲ့အတိုင်း ၊ ဒီအသင်းမှာ နေရာ တနေရာ ရဖို့ အတွက်ဆိုရင် ၊ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့ လိုပါတယ် ။ ”

” ဒါဟာ အခု လတ်တလော ကော်လမ် ပြသနေတဲ့ ပုံစံကောင်း ဖြစ်ပါတယ် ။ သူ့အနေနဲ့ ရှေ့ဆက် ပွဲကစားခွင့်တွေ အတွက် ဆာလောင်နေဖို့ ၊ ရထားတဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းဖို့ ၊ ရှေ့ဆက် တိုးတက်ဖို့ က အရေးကြီးပါတယ် ။ တချိန်တည်းမှာပဲ သူဟာ ဒီ ပွဲထွက်ခွင့်ကို ဆက်ထိန်းဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာ သိထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR