ပြင်သစ်လိဂ် မှာ ဂိုးစသွင်းနိုင်ခဲ့တဲ့ မက်ဆီ ကို ချီးကျုးပြောဆိုလိုက်တဲ့ PSG နည်းပြ ပိုချက်တီနို

PSG အသင်းရဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနီု ဟာ ယမန်နေ့ ညက လီဂူးဝမ်း ပွဲစဉ် မှာ အသင်းအတွက် ဂိုးသွင်း ယူခဲ့တဲ့ လီယွန်နယ် မက်ဆီ ကို ကမ္ဘာ့အကောင်းဆုံး အဖြစ် ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

နွေရာသီ တုန်းက ဘာစီလိုနာ ကနေ PSG ကို ပြောင်းလာတဲ့ မက်ဆီ ဟာ မနေ့က ပွဲမှာ အသင်းအတွက် ဂိုးသွင်း ယူပြီး လိဂ် အသစ်မှာ ၅ ပွဲ အထိ ဂိုးမသွင်းယူ နိုင်မှု ကို အဆုံးသတ် နိုင်ခဲ့ ပါတယ် ။

PSG ကတော့ မက်ဆီ ၊ ဘာပေ တို့ရဲ့ ဂိုးတွေနဲ့ နန့်တက်စ် အသင်းကို ၃-၁ နဲ့ အနိုင် ကစားပြီး ပွဲစဉ် ၁၄ အပြီးမှာတင် ၁၂ မှတ် ဖြတ်ကာ ဦးဆောင်နေပြီ ဖြစ်ပါတယ် ။

မက်ဆီ ဟာ PSG နဲ့ ချန်ပီယံလိဂ် မှာ ဂိုးသွင်း ထားနိုင်ပေမယ့် ပြည်တွင်းလိဂ် မှာတော့ ဂိုးလုံး၀ မရရှိ သေးပါဘူး ။ ဒါပေမယ့် မနေ့ညက ပွဲမှာတော့ မက်ဆီ ဟာ ဒီ အတားအဆီးကို ကျော်ဖြတ် သွားနိုင်ခဲ့ ပါပြီ ။

ပွဲ အပြီးမှာတော့ ပိုချက်တီနို က မက်ဆီ ကို ချီးကျူးပြောဆို သွားခဲ့ ပါတယ် ။

“လိဂ် သွင်းဂိုး မရသေးတာနဲ့ ပတ်သက်ပြီး သူ့မှာ ဖိအားတွေ ၊ သောကတွေ လုံး၀ ရှိနေပုံ မရပါဘူး ။

မက်ဆီ က တကယ့် ချန်ပီယံ တယောက်ပါ ၊ ကမ္ဘာ့အကောင်းဆုံး ကစားသမား တယောက်ပါ ။

ခက်ခဲ တဲ့ အချိန်ကာလ တွေကို ဘယ်လို ဖြတ်ကျော် ရမလဲ ဆိုတာ သူ ကောင်းကောင်း သိပါတယ် ။

သူ့ရဲ့ စိတ်ရှည် သည်းခံမှုတွေ ဟာ အခုလို သွင်းဂိုး ကို ရလာစေခဲ့တာပါ” လို့ ပိုချက်တီနို က ပြောဆို ခဲ့ ပါတယ် ။

PSG ဟာ တိုက်စစ်မှူး နေမာ မပါဝင်ဘဲ ဒီပွဲ ကို ကစားခဲ့ပြီး ဘာပေ နဲ့ မက်ဆီ တို့ ဟာ အသင်းရဲ့ နိုင်ပွဲ ကို အဓိက ဖော်ဆောင် ပေးခဲ့ပါတယ် ။

ပိုချက်တီနို ကတော့ သူ့ရဲ့ အဓိက တိုက်စစ်သမား ၃ ယောက်ဟာ အချိန် အတိုင်းအတာ တခု အပြီးမှာ အချင်းချင်း နားလည်မှုတွေ ရှိလာပြီး အလွန် ကောင်းမွန်တဲ့ တွဲဖက် ကစားမှုတွေကို လုပ်ပြ နိုင်လိမ့်မယ် လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“ပထမပိုင်း မှာ ကျွန်တော်တို့ ကစားတာ တော်တော် ကောင်းခဲ့ ပါတယ် ။

တသင်းလုံး ကစားတာ ကောင်းခဲ့ပြီး ဂိုးတွေ ဒီထက် ပိုမရခဲ့တာ ကိုပဲ ကြံဖန် အပြစ်တင်ရမှာပါ ။

မက်ဆီ ၊ နေမာ နဲ့ ဘာပေ တို့ အတွက် ပြောရရင်တော့ အချိန် ဟာ အဆုံးအဖြတ် ပေးသွားမှာပါ လို့ပဲ ပြောချင် ပါတယ် ။

သူတို့ အတူတကွ ရှိနေ သရွေ့ ၊ အတူ လေ့ကျင့်နေ သရွေ့ ၊ အတူ ကစားနေသရွေ့ တချိန်ချိန် မှာ သူတို့ရဲ့ နားလည်မှုတွေ အားကောင်းလာပြီး အတွဲမိ လာမယ်လို့ အရင် ကတည်းက ကျွန်တော် ပြောခဲ့ဖူး ပါတယ်” လို့ ပိုချက်တီနို က ပြောဆို သွားခဲ့ ပါတယ် ။

PSG ဟာ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဉ် ၅ အဖြစ် အုပ်စုတွင်း အဓိက ပြိုင်ဘက် မန်စီးတီး နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

PSG ဟာ မန်စီးတီး ကို ပြင်သစ်မြေမှာ တုန်းက အနိုင် ရထားခဲ့ ပေမယ့် အခြားပွဲတွေ မှာ ရလဒ်တွေ ယိမ်းယိုင် ခဲ့တာကြောင့် စီးတီး ရဲ့ ကျော်တက်မှု ကို ခံခဲ့ရ ပါတယ် ။

ဒါကြောင့် PSG အနေနဲ့ အုပ်စု ပထမ နေရာ နဲ့ နောက်တဆင့်တက်ပြီး ဘိုင်ယန် ၊ လီဗာပူး တို့လို အသင်းတွေကို ရှောင်လွှဲ နိုင်ဖို့ ဆိုရင်တော့ မန်စီးတီး ကို အင်္ဂလန် မြေပေါ်မှာ အနိုင် ရအောင် ကစားဖို့ လိုအပ် လာမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR