ပေါ်တို ကို အတောင့်တင်းဆုံး ကစားသမား စာရင်း နဲ့ ပွဲထုတ် ကစားဖို့ သေချာနေတဲ့ လီဗာပူး

လီဗာပူး ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ 4 ပွဲ ကစားအပြီး မှာပဲ 4 ပွဲ စလုံး အနိုင်ယူပြခဲ့တာကြောင့် ၊ ရှုံးထွက် အဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ့ ပထမဆုံး တက်ရောက် နိုင်ခဲ့တဲ့ အသင်းအဖြစ် ရပ်တည် ခဲ့ပါတယ်။

ဒါကြောင့် သူတို့ဟာ လက်ကျန် 2 ပွဲ ရလာဒ် ကို လှည့်ကြည့်စရာ မလိုပဲ ၊ ကစားသမား ချန်မယ် ဆိုရင် ချန်ထားလို့ရတဲ့ အနေအထား ဖြစ်သွားပါပြီ။

လက်ရှိ အသင်းရဲ့ အနေအထားမှာ ဒဏ်ရာရ ကစားသမားတွေ လဲ ဆက်တိုက် များပြားခဲ့သလို ၊ 43 ရက်တာ ကာလ အတွင်း 13 ပွဲ ဆက်တိုက် ကစားရမှာ ဖြစ်လို့ ဒီည ကစားမယ့် ပေါ်တို နဲ့ ပွဲမှာ လူငယ် အများစု ကို ပွဲထုတ်လာဖွယ် ရှိနေတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

မနေ့ညက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ ဒဏ်ရာပြသနာတွေ ကနေ ပြန်လည် သက်သာလာခဲ့တဲ့ ရော်ဘတ်ဆန် ၊ မေလ်နာ နဲ့ အိုရီဂီ တို့ အပြင် လူငယ် ချာတိတ်တွေ ဖြစ်တဲ့ အိုဝင် ဘက်ခ် ၊ ကိုင်ဒီ ဂေါ်ဒွန် ၊ ဘရက်ဒလေ ၊ တိုင်လာ မော်တွန် တို့ပါ ပါဝင်ခဲ့ကြပါတယ်။

ဒါကြောင့် အမှတ်မလိုတော့တဲ့ ကလော့ပ်ဟာ အိမ်ကွင်း ပွဲစဉ်မှာ လူငယ် အများစု ကို အားပြုပြီး ပေါ်တို ကို ယှဉ်ပြိုင် ကစားလာဖွယ် ရှိနေတယ်လို့ ယူဆခဲ့ကြပါတယ်။

လက်ရှိ ယှဉ်ပြိုင် ကစားနေတဲ့ UEFA Youth League ပြိုင်ပွဲ လီဗာပူး နဲ့ ပေါ်တို လူငယ်တို့ ပွဲစဉ်မှာတော့ စီနီယာ အသင်းကြီး နဲ့ အတူ လေ့ကျင့်ခန်း ဆင်းခဲ့ကြတဲ့ ကိုင်ဒီ ဂေါ်ဒွန် ၊ အိုဝင် ဘက်ခ် ၊ ဘရက်ဒ်လေ တို့ဟာ ပွဲထွက် ကစားသမား စာရင်း မှာ ပါဝင်ပြီး ကစားပေးလျှက် ရှိနေပါတယ်။ ဒါကြောင့် စီနီယာ အသင်းကြီး နဲ့ ကျန်ခဲ့တဲ့ လူငယ် ကစားသမား ဆိုလို့ ၊ အာဆင်နယ် နဲ့ ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ တိုင်လာ မော်တွန် တစ်ယောက်သာ ကျန်ခဲ့ ပါတယ်။

အနေအထားတွေ အရ ကလော့ပ် ဟာ ကစားခွင့် နည်းပါးနေတဲ့ မီနာမီနို ၊ ဝေးလ် လက်ရွေးစင် နဲ့ အတူ ခြေစွမ်းပြခဲ့တဲ့ နီကိုးလ် ဝီလီယံ ၊ ပြင်သစ် လူငယ် ခံစစ်မှုး ကိုနာတေး ၊ လူငယ် ဂိုးသမား ကယ်လာဟာ နဲ့ တိုက်စစ်မှုး အိုရီဂီ တို့ကို အားပြုကာ အတောင့်တင်းဆုံး လူစာရင်း နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဟန်ဒါဆင် နဲ့ ရော်ဘတ်ဆန် တို့ဟာ ဒီပွဲ ရဲ့ Line Up မှာ ပါဝင်ဖို့ 100% မသေချာပေမယ့် ၊ ပါဝင် ကစားပေးဖို့တော့ ရာခိုင်နှုန်း များနေတယ်လို့ ကလော့ပ် ကိုယ်တိုင်ကလဲ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲ ဆိုတာ တစ်ပွဲ အနိုင်ရလိုက်တာ နဲ့ ယူရို 2.7 သန်း အထိ ဆုကြေး ရရှိတာမို့လို့ အသင်းတိုင်း အတွက် မက်မောလောက်စရာပါ။ ဒါကြောင့် အသင်းတိုင်းဟာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ယှဉ်ပြိုင်ကြမှာ သေချာပါတယ်။

နည်းပြ ကလော့ပ် ကတော့ ပြိုင်ဘက် ပေါ်တို နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

” ပေါ်တို ကတော့ အကြောင်းအရင်း 2 ခု ကြောင့် စိတ်ဓါတ်ပိုင်း ဆိုင်ရာ အမြင့်ဆုံးအထိ မောင်းတင်လာပါလိမ့်မယ်။

ပထမ တချက်က သူတို့ ကွင်းမှာ ဂိုးပြတ် အနိုင်ယူသွားတဲ့ ကျနော်တို့ အသင်းကို ကျေနပ်မှာ မဟုတ်ပါဘူး။ အဲဒီတုန်းက သူတို့ အားကိုးရတဲ့ အဓိက ခံစစ်အတွဲ မပါဝင်နိုင်ခဲ့တာမို့လို့ ဂိုးပြတ် ရှုံးရတာ ဆိုတဲ့ ခံစားချက်နဲ့ တုန့်ပြန်လာနိုင်ပါတယ်။ ဒုတိယ အချက်က ဒီပွဲသာ အနိုင်ရမယ် ဆိုရင် သူတို့ဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အေတီကို နဲ့ ဗိုလ်လုပွဲ သဖွယ် တိုက်ပွဲဝင်ကြမှာပါ။

ဒါကြောင့် ဒီပွဲဟာ သေချာပေါက် ခက်ခဲတဲ့ ပွဲမျိုး ဖြစ်လာပါလိမ့်မယ်။

ကျနော် က အန်ဖီးလ် ကွင်းထဲကို လာရောက် အားပေးမယ့် ပရိသတ်တွေ အားလုံးဟာလဲ အကောင်းဆုံး ပုံစံတွေ နဲ့ ဝန်းရံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဘာလို့လဲ ဆိုတော့ ကျနော်တို့ကလဲ အနိုင်ရလာဒ်အတွက်ပဲ ဦးတည် ကစားမှာပါ။

ချန်ပီယံလိဂ် ပြိုင်ပွဲ ဆိုတာ ဘာမှ ကြိုပြီး အပိုင်တွက်ထားလို့ မရပါဘူး။ ကျနော့် ကစားသမားတွေလဲ အဲဒီလို အတွေးမျိုးတွေ လုံး၀ မရှိဖို့ မျှော်လင့်ထားပါတယ်။ ကျနော်တို့ အားလုံး အတူတူ လက်တွဲပြီး ရင်ဆိုင် တိုက်ပွဲဝင်ကြမယ် ၊ လက်ရှိ ပုံစံကောင်းတွေ အရ လုပ်ပြနိုင်မယ်လို့လဲ ယုံကြည်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR