ပီအက်ဂျီတို့ ချန်ပီယံလိဂ်ဖလားကို ရနိုင်မှာ မဟုတ်တဲ့ အကြောင်းရင်းနဲ့ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်း ၄ သင်းကို ရွေးချယ်လိုက်တဲ့ ကာရေဂါ

ပီအက်ဂျီ အသင်းဟာ မနေ့ညက မန်ချက်စတာစီးတီးကို အီတီဟတ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် အုပ်စုအေမှာ အမြင့်ဆုံး ဒုတိယနေရာသာ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ အမ်ဘက်ပေဟာ ပီအက်ဂျီ အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း တစ်ပွဲလုံး ခြေစွမ်း အသာစီးနဲ့ ကစားသွားခဲ့တဲ့ မန်စီးတီး အတွက် ရာဟင်းစတားလင်းက ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

အဲဒီနောက် လူစားဝင် ကစားသမား ဖြစ်သူ ဂါဘရီရယ်ဂျီဆုဟာ ပွဲပြီးဖို့ ၁၄ မိနစ် အလိုမှာ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး စီးတီးကို အုပ်စုဗိုလ် အဖြစ် နောက်တဆင့် တက်စေခဲ့ပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီပွဲစဉ်မှာ ပထမအကျော့က လိုပဲ ပီအက်ဂျီကို လွှမ်းမိုး ကစားသွားခဲ့ပြီး နာမည်ကျော် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီ နဲ့ နေမာ တို့ဟာ ဒီပွဲစဉ်မှာ တစ်စုံတစ်ရာ လုပ်ပြနိုင်ရန် ရုန်းကန် ခဲ့ရပါတယ်။

လီဗာပူး ဂန္တဝင် ကစားသမား ဖြစ်သူ ဂျေမီကာရေဂါ ကတော့ ပီအက်ဂျီ အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီ အမ်ဘက်ပေ နဲ့ နေမာ တို့ဟာ ကောင်းမွန်တဲ့ လုပ်အား မရှိတာကြောင့် ပြင်သစ် ကလပ် အနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ကာရေဂါက “လက်ရှိ ဘောလုံးလောကမှာ အသင်းတွေဟာ ကစားသမား တစ်ဦးရဲ့ ဝန်ကို ထမ်းပိုးပေးရင်းနဲ့ အကောင်းဆုံး လုပ်ပြနိုင်တာမျိုး မရှိတော့ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မယ်လို့ ကျွန်တော် ယုံကြည်တဲ့ အသင်း ၄ သင်း ရှိပါတယ်။ ဒီ ၄ သင်းထဲက တစ်သင်းပဲ ဗိုလ်စွဲမှာပါ။ သူတို့ကတော့ မန်စီးတီး လီဗာပူး ချဲလ်ဆီး နဲ့ ဘိုင်ယန်မြူးနစ် တို့ ဖြစ်ပါတယ်။ ဒီအသင်းတွေမှာ ကစားသမား တစ်ဦးရဲ့ ဝန်ကို ထမ်းပိုး ပေးရတာမျိုး မရှိပါဘူး။

ပီအက်ဂျီ အသင်းကတော့ ကစားသမား ၃ ဦးရဲ့ ဝန်ကို ကျန်အသင်းသားတွေက ထမ်းပိုးထားရပါတယ်။ ပဲရစ်စိန့်ဂျာမန်း အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ လုံး၀ အခွင့်အရေး မရှိပါဘူး။ ကျွန်တော် ဒါကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အမ်ဘက်ပေလို ကမ္ဘာ့အဆင့် ကစားသမားလည်း ရှိနေလို့ပါ။

မက်ဆီဟာ အသက် ၃၄ နှစ် ရှိနေပြီ ဖြစ်တာကြောင့် pressing တွေ ပြေးလွှားဆော့ကစားတာတွေ မလုပ်နိုင်တော့ဘူး ဆိုတာ ကျွန်တော် အတိုင်းအတာ တစ်ခုထိ နားလည်ပါတယ်။ ပီအက်ဂျီဟာ မက်ဆီ တစ်ဦးတည်းရဲ့ ဝန်ကိုတောင် ထမ်းပိုးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ဖလား နဲ့ ဝေးကွာနေတာ အတော်ကြာနေပြီ ဆိုတာကို မမေ့ပါနဲ့။

ဒါပေမယ့် အမ်ဘက်ပေဟာ အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ သူ့အနေနဲ့ မန်စီးတီးလို ထိပ်တန်း အသင်း တိုက်စစ်ဆင်လာတဲ့ အချိန်မှာ နောက်ကို ပြေးဆင်းကာ အသင်းဖော်တွေကို ကူညီပေးသင့်ပါတယ်။ ဒီလို အချိန် ကွင်းထဲမှာ လမ်းလျှောက် နေတာကတော့ ကျွန်တော့် အတွက် ကြည့်ရတာ အဆင်မပြေပါဘူး။ မိုဆာလား ဆာဒီယိုမာနေး တို့ဟာ ဘောလုံး ပျက်သွားချိန်မှာ နောက်ကို အသားကုန် ပြေးဆင်းပြီး ခံစစ်ကို ကူပေးလေ့ ရှိပါတယ်။

ဒီဘရိုင်းနား မာရက်ဇ် စတားလင်း တို့လည်း ဒီလို ပါပဲ။ ဘိုင်ယန်မြူးနစ်မှာ သောမတ်မူလာ လီဝန်ဒေါစကီး တို့လည်း တူတူပါပဲ။ မက်ဆီ နေမာ အမ်ဘက်ပေ တို့ ဘယ်လောက်ပဲ ကောင်းသည် ဖြစ်စေ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဒါမျိုးကို လက်မခံနိုင်ပါဘူး။ သူတို့ဟာ အသင်း အတွက် အလုပ်လုပ်ပေးလိုခြင်း မရှိပါဘူး။ ဒီလို ကစားသမားတွေ အတွက် အသင်းတစ်သင်းက ဝန်ပိုထမ်းပေးရတဲ့ နေ့ရက်တွေဟာ အဝေးကြီးမှာ ကျန်ခဲ့ပါပြီ။

ဒါ့ကြောင့်လည်း လက်ရှိ ဥရောပမှာ ချန်ပီယံလိဂ် winners ချဲလ်ဆီး အပါအဝင် အကောင်းဆုံး အသင်း ၄ သင်းပဲ ရှိနေတာပါ။ အခြား အသင်းတွေ ချန်ပီယံလိဂ် ဖလားကို ရမှာ မဟုတ်ပါဘူး။ ခရစ်စတီယာနို ရော်နယ်ဒို နဲ့ ပက်သက်ပြီးလည်း ကျွန်တော် ဒီလိုမျိုး ပြောခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ အနည်းဆုံးတော့ ဂိုးတွေ ရယူပေးနိုင်ပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးမရှိတဲ့ အချိန် လုပ်အား မကောင်းပါဘူး။ ဒီအချိန်မှာ သူဟာ ဒါကို သွင်းဂိုးတွေနဲ့ ဖာထေးပေးနေတာပါ။

ချန်ပီယံလိဂ်မှာတော့ သူတို့ရဲ့ သွင်းဂိုးတွေဟာ ဒါကို ဖာထေးပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ဂိုးလည်း မသွင်းနိုင်တဲ့ အပြင် ဝန်ပိုထမ်းထားရတဲ့ ကစားသမားတွေ ရှိနေတဲ့ အသင်းဟာ ဒီလိုမျိုး level မှာ ဗိုလ်စွဲနိုင်ဖို့ လုံး၀ အခွင့်အရေး မရှိပါဘူး။ မန်ချက်စတာယူနိုက်ကလည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

SM