ပီတာချက်ရဲ့ ပင်နယ်တီ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အပေါ် မှတ်ချက်ပေးရင်း ၊ သူရဲ့ အနှစ်သက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်ပွဲကို ရွေးချယ်လိုက်တဲ့ ကီပါ

ချဲလ်ဆီး အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်တဲ့ ကီပါ ဟာ သူ နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ကာရာဘောင် ဖလား စတုတ္ထ အဆင့်ရဲ့ ပင်နယ်တီ အဆုံးအဖြတ် မှာ ကာကွယ်မှု တကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ၊ ကလပ်ရဲ့ နဂို စံချိန် တင်ရှိခဲ့တဲ့ ပီတာချက်ရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။

ဒါဟာ ကီပါရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ၈ကြိမ်မြောက် ပင်နယ်တီ အဆုံးအဖြတ် ကာကွယ်မှု ဖြစ်ကာ ၊ အသင်းရဲ့ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ၃ပွဲဆက် ဟီးရိုး အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။ အရင်လို ပွဲထွက်ခွင့်တွေ မရတော့ပေမယ့် ကီပါ ဟာ အသင်းက လိုအပ်တဲ့ အချိန် အသင့်ရှိနေကြောင်း ကစားခွင့် ရတဲ့အခါတိုင်း ပြသနိုင်ခဲ့ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် တကြိမ်သာ ရခဲ့ပေမယ့် ၊ တော့တင်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ ကီပါ ဟာ Clean Sheet ထိန်းသိမ်းပြနိုင်ခဲ့ပါတယ် ။ လာမယ့် နှစ်မှာ အဓိက ပွဲထွက် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာ ဆီနီဂေါ လက်ရွေးစင် အသင်းနဲ့ အတူ အာဖရိကနိုင်ငံများ ဖလား ပြိုင်ပွဲကို ဆင်နွှဲရဖို့ ရှိနေပါတယ် ။

ဒီအတွက်ကြောင့် ကီပါ ဟာ ထိုကာလမှာ ချဲလ်ဆီး အသင်းရဲ့ ပွဲထွက် ဂိုးသမား အနေနဲ့ တာဝန်ယူရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ကီပါ က ပီတာချက်ရဲ့ ပင်နယ်တီ အဆုံးအဖြတ် မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း အပေါ် အခုလိုပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

ကီပါ က ” ဒီ စံချိန် မှတ်တမ်းကို ရလိုက်တဲ့ အချိန်တုန်းက ရလို့ရမှန်း ကျွန်တော် မသိခဲ့ပါဘူး ။ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ၃ကြိမ်ဆက် အနိုင်ရခဲ့တဲ့ မှတ်တမ်းကိုလည်း ကျွန်တော် မကြားဖူးခဲ့ပါဘူး ။ ဒါပေမယ့် အခုလို သိရတဲ့ အတွက် ကျွန်တော် အရမ်း ပျော်သလို ၊ ဒီ စံချိန် မှတ်တမ်းကောင်း ကို ပိုင်ဆိုင်ထားရလို့ ဝမ်းသာ ဂုဏ်ယူမိပါတယ် ။ ”

” ဒါပေမယ့် ဒီ ပင်နယ်တီ အဆုံးအဖြတ် ၃ခုလုံးမှာ အရေးပါခဲ့တဲ့ အရာတွေက ဥရောပ စူပါဖလား ဆွတ်ခူးခဲ့တာနဲ့ ၊ ကာရာဘောင် ဖလားမှာ နောက်အဆင့်တွေဆီ တက်လှမ်းနိုင်ခဲ့တာ တွေပဲ ဖြစ်ပါတယ် ။ အဆုံးမှာတော့ ဒါတွေ အားလုံး ဟာ အသင်း အတွက် ကူညီပေးခြင်း တရပ်ပါပဲ ။ အရေးကြီးဆုံး က အသင်း နိုင်ပွဲတွေ ရနေဖို့ပဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကီပါ က ကလပ် ဒါရိုက်တာ တဦးလည်းဖြစ် ၊ ဂန္တဝင် ဂိုးသမား တဦးလည်း ဖြစ်တဲ့ ပီတာချက်နဲ့ ပတ်သက်ပြီး ” ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ ရှိနေတဲ့ အခါတိုင်း ၊ သူဟာ အသင်းသားတွေနဲ့ စကားပြောဖြစ်ပါတယ် ။ ပြောဖြစ်တာတွေက အကြောင်းစုံပါပဲ ။ နောက်ပြီး သူဟာ အသင်းရဲ့ ဂိုးသမားတွေနဲ့ အမြဲ နီးနီးကပ်ကပ် ရှိပါတယ် ။ ”

” ခုနက မှတ်တမ်းကောင်း ၂ခု အကြောင်းတော့ ကျွန်တော်တို့ မပြောရသေးပါဘူး ။ ဒါပေမယ့် ဒီစံချိန်တွေကို စွန့်လွှတ်ရလို့ သူ့အတွက် ဘာပြဿနာမှ မရှိလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ အဆင်ပြေတဲ့ တနည်းနည်းနဲ့တော့ ကျွန်တော် သူနဲ့ ဒီအကြောင်း ပြောဖြစ်မယ် ထင်ပါတယ် ။ ဒါဟာ ချဲလ်ဆီး တသင်းလုံးနဲ့ သက်ဆိုင်တဲ့ မှတ်တမ်း ဖြစ်ပြီး ၊ ကျွန်တော်တို့ဟာ ကလပ် အတွက် အကောင်းဆုံး အရာတွေပဲ ဖြစ်စေချင်ကြတာပါ ။ ”

” ဒီလို မှတ်တမ်းရပ်ရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်ပြီး အာရုံမစိုက်တတ်ပါဘူး ။ ကိုယ်နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဖက် ကစားသမားတွေရဲ့ မှတ်တမ်း အချက်အလက်တွေကိုပဲ ပိုပြီး နောက်ယောင်ခံလိုက်ဖြစ်ပါတယ် ။ ကစားသမား ဘဝ က အနားယူဖြစ်တဲ့အခါမှာတော့ ၊ ဒီမှတ်တမ်းတွေကို ကျွန်တော် လိုက်ကြည့်ဖြစ်မယ် ထင်ပါတယ် ။ ”

” ဒါပေမယ့် အခုအချိန်မှာတော့ ပြိုင်ဖက် ကစားသမားတွေရဲ့ အားသာချက် ၊ အားနည်းချက်တွေကို စောင့်ကြည့်ပြီး ၊ သူတို့ကို ဘယ်လို တားဆီးရမယ် ဆိုတာကိုပဲ လေ့လာဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် ကီပါ က ပင်နယ်တီ အဆုံးအဖြတ်တွေထဲမှာ ဗီလာရီးရဲလ် အသင်းကို ၆ – ၅ နဲ့ အနိုင်ရခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲကို အနှစ်သက်ဆုံး ဖြစ်ကြောင်းလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကီပါ က ” အနှစ်သက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ? ဗီလာရီးရဲလ်နဲ့ ပွဲကို ကျွန်တော် ရွေးချင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒါက အသင်းအတွက် ဖလား တလုံး ဆွတ်ခူးစေခဲ့လို့ပါ ။ လက်ရှိ ဘောလုံး လောက ဟာ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တာကြောင့် ၊ ဆုဖလား တလုံး ဆွတ်ခူးဖို့ ဆိုတာ မလွယ်ပါဘူး ။ ”

” ဒီတော့ ပင်နယ်တီ အဆုံးအဖြတ် တကြိမ်မှာ ကာကွယ်မှု တခု လုပ်လိုက်လို့ ဖလား တလုံး ရမယ် ဆိုတာ ဒါဟာ ဝမ်းမြောက်စရာ ဖီလင် တခုပါပဲ ။ ကိုယ့်ရဲ့ ပင်နယ်တီ ကာကွယ်မှု တကြိမ် က အသင်းကို နောက်တဆင့် တက်စေမယ် ဆိုရင်လည်း ဒါဟာ ကြီးမားတဲ့ စိတ်အားတက်စေမှု တခုပါပဲ ။ ဒါပေမယ့် ဖလားရတာကတော့ ဘောလုံးမှာ အကောင်းဆုံး အရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR