ပိုချက်တီနို အနေနဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ဆိုရင် လက်ရှိ PSG မှာထက် ပိုပြီး အောင်မြင်နိုင်မယ်လို့ ပြောဆိုလိုက်တဲ့ အိုဝင်

ဘောလုံး သုံးသပ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ အင်္ဂလန် ၊ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က မော်ရီစီယို ပိုချက်တီနို ဟာ လက်ရှိ ကိုင်တွယ် နေတဲ့ PSG ထက် မန်ချက်စတာ ယူနိုက်တက် နဲ့ ပိုမို အဆင်ပြေပြီး ပိုမို စွမ်းဆောင် ပြနိုင် လိမ့်မယ်လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ပိုချက်တီနို ဟာ လစ်လပ် နေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူး အတွက် ထိပ်ဆုံးက ရေပန်း စားနေသူ ဖြစ်ပြီး ယူနိုက်တက် ကစားသမားဟောင်းတွေ ကလည်း ပိုချက်တီနို ကို ထောက်ခံ ပြောဆိုမှုတွေ ရှိလာခဲ့ ကြပါတယ် ။

ပိုချက်တီနို ကလည်း PSG မှာ မက်ဆီ ၊ နေမာ ၊ ဘာပေ တို့လို စူပါ စတား တွေ ကြားမှာ ဖိအားဝင်နေပုံ ရပြီး ပြင်သစ်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

မနေ့ ညကလည်း PSG ဟာ မန်စီးတီး ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ဒုတိယ အဖြစ်နဲ့သာ နောက်တဆင့် ကို တက်လှမ်းဖို့ ဖြစ်လာခဲ့ ပါတယ် ။

PSG အသင်း အတွင်းမှာ ပိုချက်တီနို အပေါ် လေးစားမှု နည်းပါးသူတွေ ရှိနေသလို ဇီနဒင် ဇီဒန်း နဲ့ အစားထိုးမယ် ဆိုတဲ့ သတင်းတွေကို ကြိုဆို နေသူတွေလည်း ရှိလာခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဒါကြောင့် ယူနိုက်တက် ဟာ လက်ရှိမှာ ယာယီ နည်းပြ ခန့်အပ် ထားပြီး ရာသီအကုန်မှာ PSG ကနေ ပိုချက်တီနို ထွက်လာမှာကို စောင့်ဆိုင်း နေမယ်ဆိုတဲ့ သုံးသပ်ချက်တွေဟာ ရေပန်းစားလျက် ရှိနေတာပါပဲ ။

မိုက်ကယ် အိုဝင် ကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနှစ် အစပိုင်း တုန်းက ပိုချက်တီနို ကို PSG ထံ ပူးပေါင်းခွင့် မပေးသင့် ခဲ့ဘဲ ဆိုးရှား ရဲ့ နေရာကို အစားထိုး ခဲ့သင့်ကြောင်း ပြောဆိုခဲ့သလို ပိုချက်တီနို ဟာ လက်ရှိ ယူနိုက်တက် လူစာရင်း နဲ့ ဆိုရင် ပိုမို စွမ်းဆောင် နိုင်လိမ့်မယ်လို့ လည်း သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“နေမာ ၊ ဘာပေ နဲ့ မက်ဆီ တို့ကို သူ ( ပိုချက်တီနို ) အရန်ခုံ မထိုင်ခိုင်းရဲ ပါဘူး ။

သူတို့က ထိပ်တန်း ကစားသမားတွေပါ ၊ ဒါပေမယ့် အခုလို အတွဲမမိပုံမျိုးနဲ့ ဆိုရင်တော့ ချန်ပီယံလိဂ် ရဖို့ မသေချာ ပါဘူး ။

ပိုချက်တီနို ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် လူစာရင်းနဲ့ ဆိုရင် PSG လူစာရင်းနဲ့ ထက် ပိုပြီး လုပ်ပြ နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်နေမိ ပါတယ်”

“PSG မှာ ဘယ်သူတွေ ကစားမလဲ ဆိုတာကို ကစားသမားတွေကပဲ ရွေးချယ် နေပါတယ် ၊ ဒီလိုပုံစံမျိုးက အောင်ပွဲရတဲ့ အသင်းတသင်း ဘယ်လိုနည်းနဲ့ ဖြစ်လာ နိုင်မှာလဲ ၊ ကျွန်တော် ကတော့ မသေချာပါဘူး ။

မန်ချက်စတာ ယူနိုက်တက် မှာဆိုရင်တော့ ပိုချက်တီနို ပိုပြီး လုပ်ပိုင်ခွင့် ရှိမှာ ဖြစ်တာကြောင့် PSG မှာထက် ပို အဆင်ပြေမှာပါ ။

ရလဒ်တွေလည်း ပိုကောင်း နိုင်မယ်လို့ ထင်ပါတယ်”

 

“အမှန်ဆိုရင် ယူနိုက်တက် က ပိုချက်တီနို ကို စောစော စီးစီး ကမ်းလှမ်း ခဲ့ရမှာပါ ။ PSG ကို မရောက်ခင် ကတည်းက ဆိုးရှား နဲ့ နေရာလဲ ခဲ့သင့် ပါတယ် ။ အခုတော့ သူတို့ ပိုချက်တီနို ကို ပြန်စောင့် ရပါတော့မယ်” လို့ အိုဝင် က မနေ့ညက မန်စီးတီး – PSG ပွဲစဉ် ကို BT Sport ကနေ တင်ဆက်ချိန်မှာ ပြောဆို သွားခဲ့တာ ဖြစ်ပါတယ် ။

ပိုချက်တီနို ဟာ မနှစ်က ရာသီဝက် မှာ PSG ကို ကိုင်တွယ် ခဲ့တာ ဖြစ်ပြီး ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်မှုတွေ ကို မရယူ နိုင်ခဲ့ပါဘူး ။

PSG ဟာ ၂၀၂၀ တုန်းက ချန်ပီယံလိဂ် ဖိုင်နယ် ကို ပထမဆုံး အကြိမ် တက်ရောက် နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြုးနစ် ကို ရှုံးနိမ့်ပြီး ဒုတိယဆု နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။

ဒီရာသီ မှာတော့ မက်ဆီ ရောက်လာမှု အပြင် ရာမိုစ့် ၊ ဒွန်နာရမ်မာ ၊ ဟာခီမီ တို့လို ထိပ်တန်း ကစားသမားတွေ ကို ခေါ်ယူ အားဖြည့် ထားတာကြောင့် ချန်ပီယံလိဂ် ကို ရဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့ ပါတယ် ။

ဒါပေမယ့် အုပ်စုအဆင့် မှာ မန်စီးတီး ကို မကျော်နိုင်ဘဲ ဒုတိယသာ ရခဲ့တာကြောင့် ၁၆ သင်းဆင့်မှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ၊ လီဗာပူး ၊ ဘိုင်ယန်မြုးနစ် တို့လို အင်အားကြီး အသင်းတွေနဲ့ ဆုံဖို့ အလားအလာ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR