ပိုချက်တီနိုရဲ့လက်အောက်ကတော့တင်ဟမ်လိုမျိုးပြန်ဖြစ်လာရန်ကွန်တီအချိန်ဘယ်လောက်ယူသွားရမလဲဆိုတာခန့်မှန်းလိုက်တဲ့ကာရေဂါ

 

ဂျေမီကာရေဂါက အန်တိုနီယိုကွန်တီဟာ တော့တင်ဟမ်မှာ ကြီးမားတဲ့ ခြားနားမှု ဖြစ်သွားအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဂန္တ၀င်က အီတလီ နည်းပြ အနေနဲ့ မော်ရီစီယိုပိုချက်တီနိုရဲ့ လက်အောက်က တော့တင်ဟမ် ပြန်ဖြစ်လာဖို့ အတွက် ဆိုရင် ၁၈ လ ကျော် အချိန်ယူသွားရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

နူနိုဆန်တိုဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ စိတ်ပျက်ဖွယ်ရာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ၆ ပွဲထိ ရှုံးပွဲ ကြုံခဲ့ရတဲ့ အတွက် မနေ့က တော့တင်ဟမ် နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ အင်္ဂလန်မှာ ထွက်ပေါ်နေတဲ့ သတင်းများ အန်တိုနီယိုကွန်တီဟာ စပါး နည်းပြ ရာထူးကို လက်ခံဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကာ ယနေ့မှာ စပါးကစားသမားတွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

အသက် ၅၂ နှစ် အရွယ် ကွန်တီဟာ တော့တင်ဟမ်ရဲ့ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးကို ပရီးမီးယားလိဂ် ဖလား ရယူပေးခဲ့သူ ဖြစ်တဲ့ အပြင် ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်ကို စီးရီးအေဖလား ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ကာရေဂါ နူနိုဆန်တိုဟာ အစကတည်းက စပါးနဲ့ အံ၀င်တဲ့ နည်းပြ တစ်ဦး မဟုတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ကာရေဂါက “ဒါဟာ သာမန် အခြေအနေ မဟုတ်ပါဘူး။ ရာသီတစ်ခုရဲ့ အစောပိုင်း ကာလမှာတင် မန်နေဂျာ တစ်ဦး ရာထူး ကနေ ထုတ်ပယ်ခံရတယ် ဆိုတာ သိပ်ပြီးတော့ မှန်ကန်မှု မရှိပါဘူး။ အမှန်တော့ ၁၀ ပွဲ ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာ သူ ရာထူးကနေ ထုတ်ပယ်ခံရမယ် ဆိုတာကိုတော့ ကျွန်တော်တို့ အားလုံး မြင်ထားကြပြီးသားပါ။

နူနိုကို တော့တင်ဟမ်ရဲ့ မန်နေဂျာ ရာထူး ပေးအပ်ခဲ့တဲ့ အချိန်ကတည်းက ဘယ်သူမှ သူဟာ ဒီအသင်း အတွက် အသင့်တော်ဆုံး မန်နေဂျာလို့ မတွေးခဲ့ကြပါဘူး။ သူ လာမည့် ရာသီ တော့တင်ဟမ်မှာ ဆက်ရှိဖို့ အတွက် အတော့်ကို ခက်ခဲလိမ့်မယ် ဆိုတာ ကျွန်တော် အစောကတည်းက တွေးထားခဲ့ပါတယ်။

ဒီလောက် လျှင်လျှင်မြန်မြန်ကြီး ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် မမျှော်မှန်း ထားခဲ့ပါဘူး။ ဒါပေမယ့် စပါးဟာ ရလဒ်ဆိုး တစ်ချို့နဲ့ အတူ ကစားပုံ ကလည်း ဆိုးရွား နေခဲ့ပါတယ်။ ဒါ့ကြောင့် နူနို ရာထူးကနေ ထုတ်ပယ်ခံရဖို့ အတွက် အနှေးနဲ့ အမြန်ပဲလို့ ကျွန်တော်တို့ ယူဆ ထားခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ကာရေဂါက တော့တင်ဟမ် ဥက္ကဋ္ဌ ဒန်နီရယ်လီဗီ အနေနဲ့ လက်ရှိ ကလပ်ရဲ့ အခြေအနေ အရ ကွန်တီ အပေါ် စိတ်ရှည်သည်းခံ ပေးဖို့ လိုအပ်တယ်လို့ အကြံပေးသွားပါတယ်။

ကာရေဂါက “တစ်ကိုယ်ကောင်းဆန်ဆန် ပြောရမယ် ဆိုရင် ကျွန်တော် ကွန်တီကို ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ချင်ပါတယ်။ သူဟာ ပထမအကြိမ် ဒီပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။ သူ့မှာ အရမ်းကို ကောင်းတဲ့ character နဲ့ personality ရှိနေပါတယ်။ ကျွန်တော် ကတော့ သူ့ကို ပရီးမီးယားလိဂ်မှာ ပြန်မြင်ချင်ပါတယ်။ ဒီလိုမျိုး ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဒီတော့တင်ဟမ်ကို အပြောင်းအလဲ လုပ်ဖို့အတွက် ဆိုရင် မန်နေဂျာ တစ်ဦး အနေနဲ့ ၁၈ လကျော် အချိန်ယူသွားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ဟာ ကွန်တီကို တအားလေးစားသူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီး နဲ့ သူကိုင်တွယ်ခဲ့တဲ့ ကလပ်တွေကို လျှင်လျှင်မြန်မြန် အောင်မြင်မှုတွေ ရယူပေးခဲ့သူ ဖြစ်ပေမယ့်လည်း တော့တင်ဟမ် မှာတော့ ဒီလိုမျိုးကို ၁၈ လအတွင်း လုပ်ပြဖို့ အရမ်း ခက်မှာပါ။

ပိုချက်တီနိုရဲ့ လက်အောက်က တော့တင်ဟမ်လိုမျိုး ပရီးမီးယားလိဂ်ဖလား နဲ့ ချန်ပီယံလိဂ်ဖလား တို့ကို စိန်ခေါ်နိုင်စွမ်း ရှိခဲ့တဲ့ အပြင် ချန်ပီယံလိဂ်၀င်ခွင့်ကို နှစ်တိုင်းလိုလို ရနေတဲ့ အသင်းတစ်သင်း ပြန်ဖြစ်လာအောင် လုပ်သွားဖို့ အတွက် ကွန်တီ အနေနဲ့ အချိန် ၁၈ လကျော် လိုအပ်နိုင်ပါတယ်။ တော့တင်ဟမ်ကို ဒီလို ပြန်ဖြစ်လာဖို့ အတွက် ကွန်တီ အနေနဲ့ အများကြီး လုပ်သွားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ၁၈ လအတွင်းမှာ ဒီလို အသင်း ပြန်ဖြစ်လာအောင် ကွန်တီ လုပ်သွားနိုင်မလား? သူ့လို character ရှိတဲ့ လူမျိုးတောင် ဒီလိုလုပ်ဖို့ အတွက် ခက်ခဲပါလ်ိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

SM