ပရီးမီးယားလိဂ် top 4 နဲ့ ချန်ပီယံ ဖြစ်မယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ ဝုဒ်ဂိတ်

စပါး ခံစစ်မှုးဟောင်း ဖြစ်သူ ဂျွန်နသန်ဝုဒ်ဂိတ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးတို့ ချန်ပီယံဖြစ်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်တယ်လို့ ထောက်ခံလိုက်ပြီး အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ top 4 တစ်နေရာစာကို လုသွားရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

သောမတ်တူချယ်ရဲ့ အသင်းဟာ ဒီရာသီမှာ ရှုံးပွဲ တစ်ပွဲသာ ရှိသေးပြီး ဇယားထိပ်မှာ ဒုတိယနေရာက မန်စီးတီးကို ၃ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

စပါး နောက်ခံလူဟောင်း ဝုဒ်ဂိတ်က ချဲလ်ဆီးဟာ အရန်အင်အား အရမ်း တောင့်တင်းတဲ့ အပြင် သောမတ်တူချယ်ရဲ့ ကစားကွက် အရ wing back တွေဟာ အသင်းရဲ့ သွင်းဂိုးတွေမှာ များစွာ အထောက်အကူ ပြုလိမ့်မယ်လို့ ဆိုသွားပါတယ်။

၀ုဒ်ဂိတ်က “ကျွန်တော် ကတော့ ဒီနှစ်မှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ခံစစ်တအား တောင့်တင်းပြီး ဂိုးမပေးရသလောက် ဖြစ်နေလို့ပါ။ လူကာကူကို သူတို့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အဘက်ဘက်က ပြည့်စုံသွားခဲ့ပါတယ်။ ကျွန်တော် ကတော့ သူတို့ဟာ မွန်းစတားအသင်း ဖြစ်လိမ့်မယ်လို့ ထောက်ခံပါတယ်။ သူတို့ရဲ့ full back တွေ တိုက်စစ်ကို လိုက်ပါကစားတဲ့ဟန်ကို ကျွန်တော် နှစ်သက်ပါတယ်။ ရိစ်ဂျိမ်းနဲ့ ဘန်ချီဝဲလ် တို့ဟာ သောမတ်တူချယ် တည်ဆောက်ထားတဲ့ ကစားကွက်နဲ့ အံ၀င်ခွင်ကျပါပဲ။

ကစားကွက်နဲ့ အသင်းနဲ့ အံကိုက်ပါပဲ။ သူတို့ရဲ့ ဗဟိုကွင်းလယ်လူ နှစ်ဦးဟာ ကစားကွက်ကို တကယ် ထိန်းချုပ်ကစားနိုင်တဲ့ သူတွေပါ။ ကျွန်တော် သူတို့ရဲ့ စုစည်းမှုကောင်းတဲ့ intensity ကိုလည်း သဘောကျပါတယ်။ သူတို့ရဲ့ အရန်အင်အားကို ကြည့်လိုက်ပါ။ တကယ့်ကို တောင့်တင်းလွန်းပါတယ်။ အကယ်လို့များ ရိစ်ဂျိမ်း မကစားနိုင်ဘူးဆိုရင် အက်ပီလီကွေတာက ၀င်ကစားပေးနိုင်ပါတယ်။ အကယ်၍ ချီဝဲလ်ကို ပွဲမထုတ်ဘူးဆိုရင် အလွန်ဆိုက ရှိနေပါတယ်။

သူတို့မှာ ချာလိုဘာ့လို လူငယ်ကြယ်ပွင့်တစ်ဦး ပေါ်ထွက်လာခဲ့တဲ့ အပြင် တီယာဂိုဆေးလ်ဗား ၊ ရူဒီဂါ ၊ ခရစ်တန်ဆင် တို့လည်း ရှိနေပါတယ်။ သူတို့ရဲ့ လူအင်အား တောင့်တင်းမှုဟာ ကြောက်စရာပါပဲ။ ကွင်းလယ်မှာ ဆိုရင် ရူဘင်လော့တယ်ချိ ကလည်း အသင့် ၀င်ကစားပေးနိုင်ပါတယ်။ ကျွန်တော် ကတော့ ပြိုင်ဘက်တွေဟာ ဒီရာသီ ချဲလ်ဆီးကို ကျော်နိုင်ဖို့အတွက် တအားကို ခက်ခဲလိမ့်မယ်လို့ မြင်မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

၀က်ဟမ်းဟာ လက်ရှိမှာ အဆင့် ၃ နေရာမှာ ရှိနေပြီး လီဗာပူးကတော့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ရလဒ်တွေ တောက်လျှောက်ဆိုးခဲ့တဲ့ ယူနိုက်တက်ကတော့ အဆင့် ၆ နေရာကို ကျဆင်းသွားခဲ့ပြီး ပြန်လည် နိုးထလာခဲ့တဲ့ အာဆင်နယ် ကတော့ အဆင့် ၅ နေရာထိ တက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝုဒ်ဂိတ်က ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ သက်ရောက်မှုဟာ ယူနိုက်တက်တို့ အာဆင်နယ်ကို ကျော်ကာ ချန်ပီယံလိဂ် ၀င်ခွင့် ရစေမယ့် အဓိက အဆုံးအဖြတ် ဖြစ်သွားလိမ့်မယ်လို့ ယူဆနေပါတယ်။

၀ုဒ်ဂိတ်က “လီဗာပူးနဲ့ မန်စီးတီး တို့ကတော့ top 4 ထဲမှာ ရှိနေမှာပါ။ ဒါပေမယ့် အဆင့် ၄ နေရာ အတွက် မှန်းရတာ ခက်ခဲပါတယ်။ ကျွန်တော်ကတော့ မန်ယူနိုက်တက် ကိုပဲ ရွေးချယ်ချင်ပါတယ်။ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် သဘောကျပါတယ်။ အာတီတာဟာ ကြီးမားတဲ့ ဖိအားတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိမှာ သူအသင်းကို တည်ဆောက်နေတဲ့ ပုံစံကို ကျွန်တော် နှစ်သက်ပါတယ်။

သူဟာ တကယ့် ထိပ်တန်း မန်နေဂျာ တစ်ဦး ဖြစ်လာမှာပါ။ ကျွန်တော် သူ့ရဲ့ ကစားဟန်ကို ကြိုက်ပါတယ်။ သူဟာ လူငယ် ကစားသမားတွေကို များစွာ ယုံကြည်မှု ပေးထားတဲ့ နည်းပြပါပဲ။ ဒါပေမယ့် top 4 ဟာ သူတို့အတွက် အလှမ်းဝေးနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ သက်ရောက်မှုကြောင့် ယူနိုက်တက်ဟာ Top 4 ၀င်သွားပါလိမ့်မယ်။” လို့ ခန့်မှန်းသွားပါတယ်။

SM