ပရီးမီးယားလိဂ် title race မှာ လီဗာပူး နဲ့ မန်စီးတီး တို့အပေါ် ချဲလ်ဆီးတို့ အသာရနေတဲ့ အချက်ကို ပြောပြလိုက်တဲ့ ဂျွန်တယ်ရီ

ချဲလ်ဆီး ဂန္တ၀င် ဂျွန်တယ်ရီက လီဗာပူး နဲ့ မန်ချက်စတာစီးတီး တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် title race မှာ သူ့ရဲ့ အသင်းဟောင်းကို နောက်ဆုံး အချိန်ထိ ဖိအားပေးနိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ သောမတ်တူချယ်ရဲ့ အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်စီးတီးကို ၃ မှတ် လီဗာပူးကို ၄ မှတ် ဖြတ်ကာ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

ချဲလ်ဆီးတို့ ဒီရာသီကို အကောင်းဆုံး ပုံစံနဲ့ စတင်ထားနိုင်ခဲ့ပေမယ့်လည်း ဂျွန်တယ်ရီဟာ ယာဂန်ကလော့ အသင်းရဲ့ အရည်အသွေး အပေါ် ကောင်းကောင်း သိနေပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ ၃၅ ဂိုးထိ သွင်းယူထားခဲ့တဲ့ အသင်း ဖြစ်ပေမယ့် ပေးဂိုးကတော့ ချဲလ်ဆီးနဲ့ မန်စီးတီး တို့ထက် များပြား နေပါတယ်။

သူတို့ရဲ့ ပြိုင်ဘက်တွေလောက် ခံစစ်ပိုင်း မာကျောမှု မရှိပေမယ့် တယ်ရီက လီဗာပူးရဲ့ နာမည်ကျော် front three ဟာ အမှတ်ပေးဖလားကို ရယူဖို့ ကြိုးစားရမှာ များစွာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

တယ်ရီက “လီဗာပူးဟာ ပြိုင်ဘက်တွေကို ကောင်းကောင်း ခြိမ်းခြောက် နိုင်တဲ့ အသင်းပါ။ သူတို့ဟာ ဒီရာသီ တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေ များစွာ ရရှိနေပါတယ်။ ခံစစ်ပိုင်းက ဗာဂျယ်ဗန်ဒိုက်ကို ကြည့်ပြီး သူ့ကို ဘယ်သူမှ ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ အားလုံး ပုံစံကောင်း မပြသနိုင်တဲ့နေ့ ဆိုတာ ရှိတက်ပါတယ်။ ဗန်ဒိုက်လည်း ဒါမျိုးနေ့တွေ ရှိနေမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လီဗာပူးဟာ အရမ်းကို မာကျောတဲ့ ပုံစံ ဖြစ်ပါတယ်။

သူတို့ဟာ တိုက်စစ်ပိုင်းမှာ ပြိုင်ဘက်တွေကို များစွာ ခြိမ်းခြောက်နိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ချဲလ်ဆီးတို့ တိုက်စစ်ပိုင်းမှာ ဒရော့ဘာ ရော်ဘင် တို့ကို ပိုင်ဆိုင် ထားသလို ပါပဲ။ သူတို့ဟာ ဒီလို ကစားသမားတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပြိုင်ဘက် အသင်းတွေထက် ဂိုးပိုမို သွင်းယူနိုင်လိမ့်မယ်လို့ ခံစား မိနေပါတယ်။” လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း တယ်ရီက သူ့ရဲ့ အသင်းဟောင်းဟာ title race မှာ လီဗာပူး မန်စီးတီး တို့အပေါ် အနည်းငယ် အသာရနေတယ်လို့ ဆိုလိုက်ပြီး အကြောင်းရင်း ကတော့ ချဲလ်ဆီးဟာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့်လို့ သုံးသပ်ခဲ့ပါတယ်။ လူကာကူ နဲ့ တီမိုဗာနာ တို့ဟာ ချဲလ်ဆီးရဲ့ နောက်ဆုံး လိဂ်ပွဲစဉ် ၄ ပွဲကို လွဲချော် ထားခဲ့ပေမယ့်လည်း ချဲလ်ဆီးဟာ အမြင့်ဆုံး ရမှတ် ၁၂ ထဲကမှ ၁၀ မှတ်ထိ ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။

၎င်းက “ချဲလ်ဆီးရဲ့ ပထမအသင်းနဲ့ အရန်အင်အား တောင့်တင်းမှုဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ လူကာကူလို အဓိက ကစားသမား မရှိပေမယ့် ကောင်းကောင်း ဖြေရှင်းထားနိုင်ခဲ့ပါတယ်။ သူတို့မှာ ဒီနေရာကို အစားထိုးကာ သွင်းဂိုးတွေ ရယူပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ သူတို့ ဒီလို ပုံစံမျိုးနဲ့ ဖြေရှင်းထားနိုင်ခဲ့တဲ့ အပေါ် ကျွန်တော် တအား သဘောကျမိပါတယ်။ ခရစ်စမတ်ကာလ မတိုင်မီ လူကာကူကို ပြန်ရမှာ ဖြစ်တာကြောင့် ဒါဟာ ချဲလ်ဆီး အတွက် ကြီးမားတဲ့ အင်အား ဖြစ်ပါတယ်။”

SM