ပရီးမီးယားလိဂ် ရဲ့ ဒီဇင်ဘာ ခရီးကြမ်း စတင်ပြီ . . . ဘယ်သူတွေ ခြေချော်ကြဦးမလဲ ?

ဥရောပ ထိပ်သီးလိဂ် ၅ ခု ထဲမှာ အင်္ဂလန် ပရီးမီးယားလိဂ် ဟာ တနှစ်တာ အတွင်း ပွဲ အရေ အတွက် အများဆုံး ကစာမှတ်ပေး နဲ့ ရှုံးထွက် ဖလား ၂ ခုပဲ ရှိချိန် မှာ အင်္ဂလန် ကတော့ လိဂ် ဖလား တခု ကို ထပ်တိုး ထားပါတယ် ။

ဒါတင် မကသေး ပါဘူး ၊ ဒီဇင်ဘာ လို ခရစ္စမတ် နဲ့ နှစ်သစ်ကူး ပိတ်ရက်တွေ ရှိနေတဲ့ အချိန် အခါမှာလည်း အခြား လိဂ်တွေထက် ပွဲစဉ်တွေ ပိုပြီး ရေးဆွဲ ထားလေ့ ရှိပါတယ် ။

အထူးသဖြင့် ခရစ္စမတ် ဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ဝန်းကျင် ဟာ ကလပ် အသင်းတွေ အတွက် ပွဲဆက်တွေ အများအပြား ကစားရတဲ့ ကာလ ဖြစ်တာကြောင့် ဘောက်ဆင်ဒေး ရယ်လို့ အမည်ကျော်ကြား နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ် ။

ဒီလို ပွဲဆက် ၊ ပွဲကြပ်တွေ များတာကြောင့် အသင်းငယ်တွေရော အသင်းကြီးတွေပါ ခြေချော် ၊ အမှတ်လျော့တာတွေ ဖြစ်ခဲ့ ဖူးပြီး ဒီဇင်ဘာ ဟာ အမှတ်ပေး ချန်ပီယံ ဆု အတွက် အလှည့် အပြောင်း ကာလလို့တောင် သမုတ် ခဲ့ကြပါတယ် ။

ပွဲကြပ် ကာလ မတိုင်ခင် ပရီးမီးယားလိဂ် အခြေအနေ ကလည်း ဒီနှစ်မှာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ယှဉ်ပြိုင်မှုတွေ ၊ အလှည့်အပြောင်းတွေကို ဒီဇင်ဘာ ထဲမှာ မြင်တွေ့ ရဖို့ အလားအလာ ရှိနေပြန် ပါတယ် ။

ပွဲစဉ် ၁၃ မှာ ထိပ်ဆုံးက ဦးဆောင်သူ ချဲလ်ဆီး သရေ ကျပြီး ၂ မှတ် ဆုံးရှုံး ခဲ့တာကြောင့် နိုင်ပွဲ ကိုယ်စီ ရခဲ့ကြတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ၁ မှတ် နဲ့ ၂ မှတ် အကွာကို ရောက်လာနိုင်ခဲ့ ကြပါတယ် ။

ထိပ်ဆုံး ၃ သင်း အပြင်ဘက် မှာတော့ အာဆင်နယ် က ရှုံးပွဲတွေ့ ခဲ့တဲ့ ဝက်စ်ဟမ်း ကို အမှတ်တူအောင် လိုက်လာပြီး ဖိအားပေး လိုက်ပါတယ် ။

အဆင့် ၆ မှာ ဝုဗ် ၊ အဆင့် ၈ မှာ မန်ယူနိုက်တက် တို့ ရှိနေကြပြီး ဘန်လေ နဲ့ ပွဲကို ရာသီဥတုကြောင့် ရွှေ့ဆိုင်း ခံလိုက်ရတဲ့ တော့တင်ဟမ် ဟော့စပါး က ၁၉ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပါတယ် ။

တကယ်လို့ အဲ့ဒိပွဲသာ ကစားဖြစ်ခဲ့ပြီး စပါးတို့ နိုင်ခဲ့မယ် ဆိုရင် အဆင့် ၆ နေရာကို ရယူထားနိုင်မှာပါ ။

ဒီဇင်ဘာမှာတော့ အသင်းတိုင်းလိုလို အနည်းဆုံး ၇ ပွဲစီ ကစား ကြရမှာပါ ။ နှစ်သစ်ကူး ပွဲစဉ်ကို ထည့်တွက် မယ်ဆိုရင် ၈ ပွဲလို့ ပြောနိုင်ပါတယ် ။

ဥရောပ ပွဲတွေ ၊ ကာရာဘောင် ဖလား ကွာတား ဖိုင်နယ်တွေ ကစားမယ့် အသင်းတွေ ကတော့ ၉ ပွဲကနေ ၁၀ ပွဲ အထိ ရှိနေကြမှာပါ ။

ရက်ပေါင်း ၃၃-၃၄ ရက် ( နှစ်သစ်ကူး ရက်တွေအပါအဝင် ) အတွင်းမှာ ၉ ပွဲ ၁၀ ပွဲကစားရမှာ ဖြစ်တာကြောင့် ၃ ရက်ကို တပွဲနှုန်း ဖြစ်နေမှာပါ ။ တကယ်ကို ပင်ပန်း ကြမ်းတမ်းမယ့် ခရီးတခုပါပဲ ။

 

အဆင့် ၁ နေရာက ချဲလ်ဆီး ရဲ့ ဒီဇင်ဘာက သိပ်ပြီး အေးစက်မနေဘူးလို့ ပြောနိုင်ပါတယ် ။

ချန်ပီယံလိဂ်တွေ ၊ ကာရာဘောင် ဖလားပွဲတွေ အပါအဝင် ၁၀ ပွဲ ဆက်တိုက် ကစားရမှာ ဆိုပေမယ့် ဒီ ၁၀ ပွဲမှာ အသင်းကြီးရယ်လို့ တသင်းမှ မပါခဲ့ ပါဘူး ။

ဝက်ဖိုဒ့် ၊ ဝက်စ်ဟမ်း ၊ လိဒ် ၊ အဲဗာတန် ၊ ဘရန့်ဖိုဒ့် ၊ ဗီလာ ၊ ဘရိုက်တန် တို့ ဟာ ချဲလ်ဆီး ဆီကနေ ရမှတ်တွေကို ခရစ္စမတ် လက်ဆောင် အဖြစ် တောင်းယူဖို့ မလွယ်ကူပါဘူး ။

၂၀၂၂ ရဲ့ နှစ်သစ် မှာတော့ လီဗာပူး ကို စတမ်းဖိုဒ့် နှင်းတောထဲမှာ ဧည့်ခံရမှာပါ ။

အံ့အားသင့်စရာတွေ ရှိမလာခဲ့ဘူး ဆိုရင် ရာသီဝက် ချန်ပီယံဘွဲ့ က ချဲလ်ဆီး အတွက် ပဲ ဖြစ်ဖို့ သေချာ သလောက်ပါပဲ ။

ကာရာဘောင် က ထွက်သွားရပြီ ဖြစ်တဲ့ မန်စီးတီး ကတော့ ချဲလ်ဆီး ထက် တပွဲလျော့ ပါတယ် ။

ချဲလ်ဆီးလိုပဲ စီးတီး ရဲ့ ဒီဇင်ဘာဆောင်းက အရမ်းကြီး အေးခဲမနေပါဘူး ။ လက်စတာ နဲ့ ကစားရမယ့် ဘောက်ဆင်ဒေး ပွဲစဉ် ၊ အာဆင်နယ် နဲ့ ဆုံမယ့် နှစ်သစ်ကူး ပွဲစဉ်တွေက လွဲရင် ဒီဇင်ဘာ တလျောက်လုံးမှာ စီးတီး ရဲ့ ပြိုင်ဘက်တွေက ဗီလာ ၊ ဝက်ဖိုဒ့် ၊ ဝုဗ် ၊ လိဒ် ၊ နယူးကာဆယ် ၊ ဘရန့်ဖိုဒ့် တို့ပဲ ဖြစ်လို့ နေပါတယ် ။

တကယ်လို့ ချဲလ်ဆီးသာ ခြေချော် ခဲ့မယ် ဆိုရင် ရာသီဝက်ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံးက မန်စီးတီး လို့ ပြောရမှာပါ ။

ဒီဇင်ဘာဆောင်းက လီဗာပူး ကို နည်းနည်း ခက်ခဲ စေပါလိမ့်မယ် ။ မန်စီးတီး ၊ ချဲလ်ဆီး တို့လိုပဲ ဥရောပ မှာ နောက်တဆင့် တက်ထားတဲ့ လီဗာပူး အတွက် ဆန်စီရို က အေစီမီလန် နဲ့ ပွဲဟာ ခွန်အား ချွေတာရမယ့် ပွဲ ဖြစ်နေမှာပါ ။

ဘာကြောင့်လည်း ဆိုတော့ ဒီဇင်ဘာ ထဲမှာ ၁၀ ပွဲ ( နှစ်သစ်ကူးအထိ ) ကစားရမှာ ဖြစ်ပြိး လက်စတာ ၊ တော့တင်ဟမ် ဟော့စပါး ၊ ချဲလ်ဆီး တို့ ပါနေလို့ ပါပဲ ။

လက်စတာ နဲ့ ဆိုရင် ကာရာဘောင် မှာရော အမှတ်ပေး ပွဲမှာပါ ဆုံတွေ့ရမှာပါ ။ ယာဂင် ကလော့ ကတော့ အစီအစဉ်တွေ ဆွဲပြီး နေလောက် ပါပြီ ။

အာဆင်နယ် ရဲ့ နှစ်သစ်ကူး ရည်မှန်းချက်က အဆင့် ၄ နေရာဆိုတာ ပြောနေဖို့တောင် မလိုတော့ ပါဘူး ။

ရအောင် ယူနိုင်မလား ဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

လီဗာပူး နဲ့ ပွဲကို ဖယ်ထားလိုက်မယ် ဆိုရင် မီကေး အာတီတာ ရဲ့ အာဆင်နယ် က အရှိန်ရနေပြီး ရလဒ်တွေလည်း ကောင်းနေပါတယ် ။

ဒီဇင်ဘာ ကိုတော့ မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် နဲ့ စဖွင့်ရမှာပါ ။ ဆိုးရှား မရှိတော့တဲ့ ယူနိုက်တက် ဖြစ်တာကြောင့် သတိထားရမှာ အမှန်ပါပဲ ။

ဒီပွဲပြီးသွားရင် ၁၅ ရက်နေ့မှာ ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲက အာဆင်နယ် ရဲ့ ဒီဇင်ဘာ ခရီးမှာ အရေးအပါဆုံး ပွဲစဉ် ဖြစ်လာမှာပါ ။

နှစ်သစ်မှာ မန်စီးတီး နဲ့ ကစားရပါမယ် ၊ အဲ့ဒိ ပွဲ မတိုင်ခင် အဆင့် ၄ နေရာကို ယူပြီး အမှတ်ဖြတ်ထားမယ် ဆိုရင်တော့ အာဆင်နယ် အတွက် အေးဆေး ပါပဲ ။

အန်တိုနီယို ကွန်တီ ရဲ့ စပါး က Top Six အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် အတူ ဒီဇင်ဘာကာလ ခရီးသွားရမှု အနည်းဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။

ဥရောပပွဲ နဲ့ ကာရာဘောင် ကွာတား အပါအဝင် ၁၀ ပွဲ ကစားရမှာ ဆိုပေမယ့် ၆ ပွဲကို အိမ်ကွင်းမှာ ကစားရမှာပါ ၊ အဝေးကွင်း ၄ ပွဲထဲမှာ တမြို့တည်းသား ဝက်ဖိုဒ့် ပါနေပါတယ် ။ ဒါကြောင့် ကွန်တီ တို့ အဖွဲ့ ခရီးသွားရ အတော် သက်သာမှာပါ ။

ခရီးသွားရ သက်သာပေမယ့် ပွဲတွေကတော့ မချောင်ပါဘူး ၊ Top Six ထဲမှာ အကြပ်ဆုံးလို့ ပြောနိုင်ပါတယ် ။

လီဗာပူး ၊ ဝက်စ်ဟမ်း ၊ လက်စတာ တို့ ပါနေသလို ၊ ဥရောပ ကွန်းဖရန့်လိဂ် မှာလည်း အခြေအနေ မကောင်းသေးတာကြောင့် နောက်ဆုံးပွဲမှာ အားစိုက် ရဦးမှာပါ ။ အဆင့် ၇ ကနေ တက်ကောင်း တက်နိုင်ပေမယ့် အဆင့် ၅ ထက်တော့ မပိုနိုင်ပါဘူး ။ ကျသွားဖို့တောင် ပိုများ နိုင်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာမယ့် ယာယီ နည်းပြ ရပ်ဖ်ရန်းနစ် ကတော့ ဓါးသွားပေါ်က ပျားရည်စမ်း ခရီးနဲ့ စတင်ရတော့မှာပါ ။

ပွဲစဉ် အနေအထားအရ ကြည့်မယ် ဆိုရင် ယူနိုက်တက် ရဲ့ ဒီဇင်ဘာက အာဆင်နယ် နဲ့ ကစားမယ့် အဖွင့်ပွဲက လွဲရင် ချောင်လည်တယ်လို့ ပြောနိုင်ပါတယ် ။

ဒါပေမယ့် ဒီဇင်ဘာ ပွဲကြပ် အစဉ်အလာကို မကြုံဖူးသေးတဲ့ ရန်းနစ် အတွက်တော့ စီမံခန့်ခွဲရတာ အရင်ကနဲ့ တူမှာ မဟုတ်ပါဘူး ။ အင်္ဂလန် ဆောင်း ကိုတော့ လိုကိုမိုးနစ် မှာ ရခဲ့တဲ့ ရုရှ ဆောင်း အတွေ့ အကြုံက အကူအညီဖြစ်ကောင်း ဖြစ်စေမှာပါ ။

အာဆင်နယ် နဲ့ ပွဲပြီးသွားရင် ဖေဖော်ဝါရီ ကုန်တဲ့ အထိ ယူနိုက်တက်တို့ Top Six အသင်းတွေနဲ့ ကစားဖို့ မရှိပါဘူး ၊ ဝက်စ်ဟမ်း နဲ့ ပွဲတပွဲ ပဲ ရှိပါတယ် ။

ဒါကြောင့် ရန်းနစ် သာ သေချာ စီမံခန့်ခွဲ နိုင်မယ်ဆိုရင် ယူနိုက်တက်တို့ အဆင့် ၈ ကနေ ပိုမြင့်တဲ့ နေရာကို တက်လှမ်း နိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောရမှာပါ ။

 

ပရီးမီးယားလိဂ် ရဲ့ ဒီဇင်ဘာ ခရီးကြမ်းကတော့ ဒီနေ့ည ( မနက်ဖြန် နံနက် ) မှာပဲ စတင်ပါပြီ ။

အသင်း ၂၀ ၊ ပွဲစဉ် ၈ ပွဲ ၊ ရက်ပေါင်း ၃၄ ရက် အပြီးမှာတော့ ဘယ်သူတွေ ဘာဖြစ်နေကြမယ်ဆိုတာ စောင့်မျှော် ကြည့်ရှု ကြပါစို့ဗျာ . . . . .

 

SPORTS MYANMAR