ပရီးမီးယားလိဂ် တကျော့ပြန် ခရီးကို သရေနဲ့သာ စဖွင့်နိုင်ခဲ့ခြင်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ ကွန်တီ

ပထမဆုံး အကြိမ် ပရီးမီးယားလိဂ်သို့ စတင် အခြေချခဲ့စဉ်က ချဲလ်ဆီး အသင်းနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အီတလီ လူမျိုး နည်းပြ အန်တိုနီယို ကွန်တီ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ အခြား လန်ဒန် မြို့ခံ ပြိုင်ဖက် တသင်း ဖြစ်တဲ့ တော့တင်ဟမ် အသင်းရဲ့ တရားဝင် နည်းပြသစ် ဖြစ်လာခဲ့ပါတယ် ။

ကြားရက် က ကစားခဲ့တဲ့ တော့တင်ဟမ် နည်းပြ ဘဝ ပထမဆုံး ပွဲအဖြစ် ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စုပွဲမှာ နယ်သာလန် ကလပ် ဗွီတက်ဆီ အသင်းကို အိမ်ကွင်းမှာ ၃ – ၂ ရလဒ်နဲ့ အဖွင့်လှခဲ့ပေမယ့် ၊ မနေ့ည က ပရီးမီးယားလိဂ် တကျော့ပြန် ခရီးမှာတော့ ကွန်တီရဲ့ တော့တင်ဟမ် ဟာ အဲဗာတန် ကို သရေသာ ကစားနိုင်ခဲ့ပါတယ် ။

ကစားပုံ အရမ်းကောင်းခဲ့ပြီး ၊ ကံဆိုးခဲ့လို့ သရေကျခဲ့တာမျိုး မဟုတ်ပဲ ၊ အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ထူးထူးခြားခြား ဒုက္ခပေးနိုင်တာမျိုး မရှိခဲ့တဲ့ အပြင် ၊ ဒီရာသီ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာလည်း ထိုပွဲမှာ ဂိုးပေါက် တည့်မတ်ခဲ့ခြင်း မရှိပါဘူး ။

Clean Sheet ရခဲ့တာကလွဲရင် ၊ အပေါင်း လက္ခဏာ ဆောင်တဲ့အရာ များများစားစား လက်ညှိုးထိုးပြစရာ မရှိခဲ့ပေမယ့် ၊ ကွန်တီ ကတော့ ပရီးမီးယားလိဂ် တကျော့ပြန် ခရီးက အဲဗာတန်နဲ့ အဖွင့်ပွဲမှ တော့တင်ဟမ် အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်မှု ရှိခဲ့တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ် ။

ပွဲပြီး အင်တာဗျူးမှာ ကွန်တီ က ” မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် ကျွန်တော် ဟာ ဒီနေ့ သရေပွဲ အပေါ် ပျော်ရွှင်မိတယ်လို့ ဆိုရမှာပါ ။ ပထမဆုံး အချက် အနေနဲ့ ဂွက်ဒီဆင်ပါ့ခ် မှာ အဲဗာတန် ကို ရင်ဆိုင်ရတာ ဘယ်လိုမှ မလွယ်ကူပါဘူး ။ အထူးသဖြင့် အလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်ထားတဲ့ ရက်သတ္တပတ် အတွင်းမှာပေါ့ ။ ”

” ကျွန်တော် ဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ရှုထောင့် အရ ပြောနေတာပါ ။ ဒီထက် ပိုကောင်းတဲ့ တိုးတက်မှုတွေ ထပ်ရနိုင်သေးတယ် ဆိုတာကိုလည်း ကျွန်တော် သေချာပေါက် ယုံကြည်ထားပါတယ် ။ အဲဒီ အတွက်လည်း နေရာတွေ အများကြီး ကျန်ရှိနေပါသေးတယ် ။ ”

” နည်းစနစ်ပိုင်း အားဖြင့် ၊ စိတ်ဓာတ် ခံယူချက် အားဖြင့် မတူညီတဲ့ အခြေအနေ အရပ်ရပ်မှာ ကျွန်တော် ဟာ ကစားသမားတွေရဲ့ နှလုံးသား ၊ ပေးဆပ်ချင်စိတ် ၊ တိုက်ပွဲဝင်လိုစိတ်တွေကို မြင်တွေ့ထားရပါတယ် ။ ဒီလို တုန့်ပြန်မှု ပြသထားတာကြောင့် ကျွန်တော် ဟာ ဒီအသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပိုပြီး ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ် ။ ”

” တခါတလေမှာ ခင်ဗျား ဟာ နည်းစနစ်နဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်တွေ အရ ကစားသမားတွေကို သင်ကြားပေးလို့ ရပေမယ့် ၊ အသင်း အပေါ် ချစ်တဲ့စိတ် ၊ နှလုံးသား ၊ ပေးဆပ်ချင်စိတ်တွေကိုတော့ သင်ပေးလို့ ရမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော့ ကစားသမားတွေဟာ နေရာကောင်း တခုမှာ ရှိနေတယ် ဆိုတာ ပြသထားပြီး ၊ ဒါဟာ ကျွန်တော်တို့ အသစ်က ပြန်စတင်ဖို့ စမှတ်ကောင်း တခုလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တော့တင်ဟမ် အသင်း ဟာ လက်ရှိမှာ ရမှတ် ၁၆မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ် ။

SPORTS MYANMAR