ပထမပိုင်းအပြီး ကာရစ် ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် စပိန်မြေမှာ ဗီလာ ရီးယဲ အသင်းကို သွားရောက် ရင်ဆိုင်ခဲ့ပြီး အဝေးကွင်းမှာ 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ သုံးပွဲဆက် နိုင်ပွဲတွေ ပျောက်ဆုံးနေမှုကို ရပ်တန့်သွားနိုင်ခဲ့ပါတယ် ။

ဒါဟာ ဆိုးလ်ရှား မရှိတဲ့နောက် ယူနိုက်တက်ကို ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ် က ပထမဆုံး အကြိမ် ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး အမှတ်တရ နိုင်ပွဲနဲ့ အတူ အုပ်စု ပွဲစဉ် 5 အပြီးမှာပဲ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ကို ရောက်ရှိ စေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ ယူနိုက်တက် အသင်းဟာ ဘောလုံးကိုင် ကစားနိုင်စွမ်း လျော့ကျနေခဲ့ပြီး ဗီလာ ရီးယဲ အသင်းကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူကာ မကြာခန ဖိအားပေး ကစားသွားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရ ပါတယ် ။

ဒါ့အပြင် ဂိုးပေါက်ကန်သွင်းမှု အပိုင်းမှာလည်း ဗီလာ ရီးယဲကပဲ အသာစီး ရယူနိုင်ခဲ့ပြီး ခြိမ်းခြောက်မှုတွေ လုပ်ပြ သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ဂိုးသမား ဒီဂီယာက ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေကို လုပ်ဆောင်ရင်း အသင်းကို ပွဲစဉ်ထဲ ဆက်လက် ရှင်သန်စေနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် အသင်းကလည်း ခံစစ်ကို ကျစ်လျစ်စွာ ကစားနိုင်ခဲ့တဲ့ အတွက် ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက်ရဲ့ အသင်း ခေါင်းဆောင် မက်ဂွားယားက နည်းပြ ဖြစ်သူဟာ ပထမပိုင်းအပြီး ကြောက်စိတ်နဲ့ မကစားဖို့ မှာခဲ့ကြောင်း ပြောပြသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ရဲ့ ဘောလုံးရာသီ အတွက် ဒါဟာ ထူးကဲတဲ့ ပွဲစဉ် တစ်ပွဲ ပါပဲ ။ ပထမပိုင်းဟာ တကယ်ပဲ ခက်ခဲခဲ့ပါတယ် ။ ပွဲစဉ်ထဲ ဆက်လက် ရှိနိုင်ဖို့ တကယ်ပဲ အရေးကြီးခဲ့ပါတယ် ။ အရံခုံပေါ်က ရောက်လာတဲ့ ကောင်လေးတွေကတော့ ဖိအားပေး ကစားရေးမှာ တကယ်ပဲ အကူအညီ ဖြစ်စေနိုင်ခဲ့ကြပါတယ် ”

” ဒုတိယပိုင်းကစားပုံက တကယ်ပဲကောင်းမွန်ခဲ့ပါတယ် ။ ဖိအားပေး ကစားခြင်းက ရလဒ်ကို ရရှိစေနိုင်ခဲ့ပါတယ် ။ ဥရောပ ပြိုင်ပွဲမှာ အဝေးကွင်းကို သွားရောက်ကစားတဲ့အခါ ကျစ်လျစ်နေဖို့ လိုအပ်လှပါတယ် ။ ကျွန်တော်တို့ ဖန်တီးခဲ့ကြတဲ့ အခွင့်အရေးတွေကြောင့် အဆုံးသတ်မှာ ထိုက်တန်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ တိုက်စစ်ဆင်ရင်းနဲ့ ရန်လိုစွာ ကစားလိုခဲ့ကြပါတယ် ။ ပထမပိုင်း အတွင်းမှာ ကျွန်တော်တို့ များစွာသော ကြောက်စိတ်တွေနဲ့ ကစားခဲ့ ကြတယ်လို့ ထင်မိပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ (ကာရစ်က) ဒီအကြောင်းကို ပြောဆိုဖြစ်ခဲ့ပါသေးတယ် ”

” ပထမဂိုးက ဖိအားတွေ ကြားထဲက ရခဲ့တာပါ ။ ရော်နယ်ဒို အရမ်းကို ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ကစားပုံ ကျစ်လျစ်ဖို့ ထပ်လိုခဲ့ကြပါသေးတယ် ။ တိုက်စစ်မှာ သူရှိနေချိန် ကျွန်တော်တို့ ဒီလို ကစားနိုင်ရင် အနိုင်ရဖို့ အခွင့်အရေးတွေ ရှိနေမှာပါပဲ ” လို့ မက်ဂွားယား က အသင်းဖော် တိုက်စစ်မှူးကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar