ပင်နယ်တီ လွဲခဲ့တဲ့ ဂျော်ဂျင်ဟိုဖက်မှ ကာကွယ်ပေးရင်း ၊ အီတလီ ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မုချ အောင်မယ်လို့ တုန့်ပြန်လိုက်တဲ့ မန်ချီနီ

ယူရို ၂၀၂၀ ချန်ပီယံ အီတလီ အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု အဆင့် ခြေစစ်ပွဲ တပွဲမှာ အနီးကပ် ပြိုင်ဖက် ဆွစ်ဇာလန် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပေမယ့် ၊ ဦးဆောင်ဂိုး အရင် စပေးခဲ့ရပြီး ၊ တဖက်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။

ဒီအတွက်ကြောင့် လာမယ့် တနင်္လာနေ့မှာ ကစားမယ့် အုပ်စု အဆင့် နောက်ဆုံး ခြေစစ်ပွဲမှာ မြောက်အိုက်ယာလန် ကို အီတလီတို့ မဖြစ်မနေ အနိုင်ကစားရတော့မှာ ဖြစ်ပါတယ် ။ လက်ရှိ အုပ်စု C ရဲ့ ရပ်တည်မှု အရ အီတလီ ဟာ ထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့် ၊ ဒုတိယ နေရာ က ဆွစ်ဇာလန်နဲ့ ရမှတ်တူနေပြီး ၊ ဂိုးပေါင်းသာ ကွာခြားမှု ပိုများနေတာ ဖြစ်ပါတယ် ။

မနေ့ည က ပွဲကို အနိုင်ရလိုက်မယ် ဆိုရင် အီတလီတို့ ခြေစစ်ပွဲ အောင်မြင်ဖို့ သေချာသွားမှာ ဖြစ်ပေမယ့် ၊ အခုအခါမှာတော့ နောက်ဆုံးပွဲကို မဖြစ်မနေ အနိုင်ရအောင် ကြိုးစားရတော့မှာ ဖြစ်ပါတယ် ။ ဒီပွဲမှာ ဆွစ်ဇာလန် အတွက် အဖွင့်ဂိုး ကို ပွဲချိန် ၁၁ မိနစ်မှာတင် နောက်ခံလူ ဝစ်ဒ်မာ က သွင်းယူပေးခဲ့ပါတယ် ။

ပထမပိုင်း ပြီးခါနီး ၁၀ မိနစ်ကျော်ကျော်မှာ အီတလီတို့ နာပိုလီ ညာနောက်ခံလူ ဂျီယိုဗန်နီ ဒီလော်ရန်ဇိုရဲ့ သွင်းဂိုးမှ တဆင့် ချေပဂိုး ပြန်ရခဲ့ပေမယ့် ၊ အနိုင်ဂိုး ဖြစ်စေမယ့် ပွဲပြီးခါနီး က ပင်နယ်တီ အခွင့်အရေးမှာတော့ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ အီတလီ လက်ရွေးစင် နည်းပြ ရော်ဘတ်တို မန်ချီနီ က ပင်နယ်တီ မဝင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဖက်က ကာကွယ်ပေးရင်း ၊ ယင်း Ballon D’Or ဆန်ခါတင် ကွင်းလယ်လူ ဟာ ထိုအဖြစ်အပျက် အတွက် ယူကြုံးမရ ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

မန်ချီနီ က ” ကျွန်တော်တို့ဟာ ဆွစ်ဇာလန်နဲ့ ပထမ အကျော့တုန်း က ပင်နယ်တီ တခါ လွဲခဲ့ပြီး ၊ အခု အိမ်ကွင်းမှာ နောက်တကြိမ် ထပ်လွဲခဲ့ပါတယ် ။ ဘောလုံးမှာ ဒါမျိုးတွေက ဖြစ်တတ်ပါတယ် ။ ဂျော်ဂျင်ဟို ဟာ ပင်နယ်တီကို မှန်မှန်ကန်ကန်ပဲ ကန်ခဲ့တယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ် ။ ”

” သူဟာ ဒီ အသင်းရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူ ဖြစ်ပါတယ် ။ ဒီ အဖြစ်အပျက် အတွက် သူ အတော်လေး စိတ်မကောင်း ဖြစ်နေတယ် ဆိုတာ ရှင်းပါတယ် ။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ ။ အုပ်စု နောက်ဆုံးပွဲမှာတော့ ကျွန်တော်တို့ ကံကောင်းချင် ကံကောင်းနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မန်ချီနီ က အီတလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မုချ အောင်မှာ ဖြစ်ကြောင်းကို ” အခု အခြေအနေ က နည်းနည်းတော့ ရှုပ်ထွေးပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆွစ်ဇာလန်ထက် ဂိုးကွာခြားချက် ၂ဂိုး ပိုသာနေပါတယ် ။ ”

” အုပ်စု နောက်ဆုံးပွဲမှာ ကျွန်တော်တို့ မြောက်အိုက်ယာလန်ကို သွားပြီး ၊ အဆုံးအဖြတ် နိုင်ပွဲ တပွဲ ရအောင် ကြိုးစား ကစားသွားမှာပါ ။ တဖက်မှာလည်း ဘူလ်ဂေးရီးယား အသင်း က ဆွစ်ဇာလန် ကို ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်အောင် ဖန်တီးနိုင်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ကိုယ်ကစားရမယ့် ပွဲကို အနိုင်ကန်ဖို့ အရင် လုပ်ရမှာပါ ။ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်ပါတယ် ။ အခုတော့ ကျွန်တော်တို့ အုပ်စု နောက်ဆုံးပွဲ အတွက် အားမွေးလိုက်ပါဦးမယ် ။ ဒီနေ့ပွဲဟာ အရမ်း ခက်ခဲခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်နေဖို့ လိုပါတယ် ။ တခါတလေ ပွဲအနေအထား က ကိုယ်မျှော်လင့်ထားသလို မဖြစ်လာရင်တောင် ဒီ ယုံကြည်မှု က အရာရာကို ပြောင်းလဲ စေနိုင်ပါတယ် ။ အသင်းဖက်ကတော့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ၊ အကောင်းဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစားပေးဆပ်နေတာပါပဲ ။ ”

” ကစားသမားတွေဟာ ဒီနေ့ သရေပွဲ အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ် ။ ဒါက ပုံမှန်ပါပဲ ။ နောက်ပြီး မိနစ် ၉၀ မှာ ရခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာ ဖြစ်လို့ ၊ ကစားသမားတွေဖက်က ဝမ်းနည်းရုံက လွဲပြီး ဘာမှမတတ်နိုင်ပါဘူး ။ ဒါပေမယ့် ကာတာ ကမ္ဘာ့ဖလား ကို ကျွန်တော်တို့ သေချာပေါက် သွားရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR