နေရာပြိုင်ဘက် အသင်းဖော်ကို လူငှားရိုက်ခိုင်း ခဲ့တယ်လို့ ယူဆပြီး ဖမ်းဆီးခံလိုက်ရတဲ့ PSG အသင်းသူတဦး

ပြင်သစ် ကလပ် PSG အမျိုးသမီး အသင်းရဲ့ ကစားသမား အမီနာတာ ဒီရယ်လို ဟာ ပြင်သစ် ရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှု ကို ခံခဲ့ရပါတယ် ။ အကြောင်းအရင်း ကတော့ သူမ ဟာ အသင်းဖော် တဦး ကို ဒဏ်ရာ ရရှိကာ သူမ အတွက် ကစားခွင့် ( ပွဲထွက် နေရာ ) ရရှိအောင် ကြံစည်ခဲ့တယ်လို့ ယူဆ ခဲ့ရတာ ကြောင့်ပဲ ဖြစ်ပါတယ် ။

အသက် ၂၆ နှစ် ရှိပြီ ဖြစ်တဲ့ ဒီရယ်လို ကို ရဲတပ်ဖွဲ့က ပဲရစ် အနီးမှာ ရှိတဲ့ ဗာဆိုင်း က သူမ ရဲ့ နေအိမ်မှာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အသက် ၃၁ နှစ် အရွယ် PSG အမျိုးသမီး အသင်းသူ ခိုင်ရာ ဟမ်ရာအွိုင်း တိုက်ခိုက် ခံရမှုကြောင့် အခုလို ဖမ်းဆီ ခံခဲ့ရတာ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဟမ်ရာအွိုင်း ဟာ ဒီရယ်လို မောင်းနှင်လာတဲ့ ကားကို စီးနင်းလာစဉ်မှာ မျက်နှာဖုံး စွပ်ထားတဲလူ ၂ ယောက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အဆိုပါ ဒဏ်ရာတွေကြောင့် အရေးပါတဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော် ခဲ့ရ ပါတယ် ။

ရဲတပ်ဖွဲ့ ဟာ အဆိုပါ ကိစ္စ အတွက် ဒီရယ်လို ကို စွဲချက်တင်ခြင်း မရှိသေး ပေမယ့် သူမ ဟာ ဟမ်ရာအွိုင်း ကို ဒဏ်ရာ ရရှိ စေပြီး ကလပ် နဲ့ လက်ရွေးစင် အသင်းမှာက နေရာကို သူမ ရရှိလာအောင် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ယူဆချက်ကြောင့် အခုလို ခေါ်ယူ ထိန်းသိမ်း ခဲ့တာလို့ သိရှိရ ပါတယ် ။

တိုက်ခိုက်ခံရမှု အပေါ် ဟမ်ရာအွိုင်း ရဲ့ ထွက်ဆိုချက် အရ တိုက်ခိုက်သူ တယောက်ဟာ သူမရဲ့ ခြေထောက်ကို အကြိမ်များစွာ ရိုက်နှက် ခဲ့တယ်လို့ သိရပါတယ် ။

ဒီရယ်လို ကိုလည်း တိုက်ခိုက်သူတွေ က ဆွဲထုတ် ခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ဘူးလို့ ကြားသိရ ပါတယ် ။

မျက်နှာဖုံးစွပ် ၂ ဦးဟာ ဟမ်ရာအွိုင်း ကို မိနစ် အနည်းငယ် ရိုက်နှက် ခဲ့ပြီး ထွက်ပြေး လွတ်မြောက် သွားခဲ့ကြပါတယ် ။

ဒီရယ်လို ဟာ ဒီရာသီမှာ PSG အမျိုးသမီး အသင်းရဲ့ အမှတ်ပေးပွဲ ၇ ပွဲမှာ ၃ ပွဲကို ပွဲထွက် ကစားခွင့် ရခဲ့ပြီး ၄ ပွဲ ကတော့ လူစားလဲ ဝင်ကစား ခဲ့ရ ပါတယ် ။

ဟမ်ရာအွိုင်း ကတော့ ၆ ပွဲအထိ ပွဲထွက် ကစားခွင့် ရခဲ့ပြီး သူမ မကစားရတဲ့ တပွဲတည်းသော ပွဲမှာ ဒီရယ်လို က သူမရဲ့ နေရာကို ဝင်ရောက် ပွဲထွက် ကစားခဲ့ ပါတယ် ။

သူတို့ ၂ ယောက်ဟာ ဒီရာသီမှာ ၂ ပွဲသာ အတူပွဲထွက် ကစားထားပြီး ချန်ပီယံလိဂ် မှာတော့ ဒီရယ်လို အရန်ခုံ ထိုင်နေရချိန်မှာ ဟမ်ရာအွိုင်း က ၂ ပွဲဆက်တိုက် ပွဲထွက် ကစားထား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် တတိယမြောက် ပွဲစဉ် ကိုတော့ တိုက်ခိုက် ခံရမှုကြောင့် လွဲချော် သွားခဲ့ပါပြီ ။

PSG အမျိုးသမီး အသင်းဟာ လာမယ့် တနင်္ဂနွေမှာ လိုင်ယွန် အမျိုးသမိး အသင်းနဲ့ အလွန် အရေးပါတဲ့ ပွဲကို ကစားရမှာ ဖြစ်ပါတယ် ။

သူတို့ ဟာ လိုင်ယွန် ရဲ့ ပြင်သစ်လိဂ် ကို ၁၄ နှစ်တာ ကြီးစိုးနေမှုကို ပြီးခဲ့တဲ့ ရာသီက အဆုံးသတ်ခဲ့ သလို ချန်ပီယံလိဂ် မှာလည်း လိုင်ယွန် ကို ကွာတား ဖိုင်နယ် အဆင့်မှာ ဖြုတ်ချ နိုင်ခဲ့ ပါတယ် ။

လိုင်ယွန် အမျိုးသမီး အသင်းဟာ ချန်ပီယံလိဂ် မှာ ၅ နှစ် ဆက်တိုက် ဗိုလ်စွဲ ထားခဲ့တာ ဖြစ်ပြီး မနှစ်က ရာသီ မှာတော့ ဘာစီလိုနာ အမျိုးသမီး အသင်းက ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဟမ်ရာအွိုင်း ဟာ ဒီနှစ် နွေရာသီမှာ ဘာစီလိုနာ အမျိုးသမီး အသင်းကနေ PSG ထံ ပြောင်းရွှေ့ လာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီအတွက် ချန်ပီယံလ်ဂ်ရဲ့ တနှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ် ။

သူမ ဟာ ၂ နှစ်ကြာ ဝေးကွာနေတဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ဆင့်ခေါ်ခြင်း ကိုလည်း ခံခဲ့ရပြီး လွန်ခဲ့တဲ့ လက ကစားခဲ့တဲ့ ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ ခြေစစ်ပွဲတွေမှာ ပါဝင်ခွင့် ရခဲ့ပါတယ် ။

ဒီတခေါက် မှာတော့ ဟမ်ရာအွိုင်း ဟာ ဒဏ်ရာကြောင့် နှုတ်ထွက် ခဲ့ရပြီး သူမ ရဲ့ နေရာကို ရရှိသွားသူ ကတော့ ဒီရယ်လို ပဲ ဖြစ်နေခဲ့ ပါတယ် ။

PSG အသင်း ကတော့ ဒီတိုက်ခိုက်ခံရမှု နဲ့ ဒီရယ်လို ထိန်းသိမ်း ခံရမှုတွေ ဟာ ဟုတ်မှန်ကြောင်း ထုတ်ပြန် ကြေငြာ သွားခဲ့ပြီး အခုလို တိုက်ခိုက်မှုမျိုးကို အပြင်းအထန် ရှုံ့ချကြောင်းလည်း ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR