နိုင်သူစား ၊ မှားသူခံ . . . ကမ္ဘာ့ဖလားဝင်ခွင့်ကို ဗိုလ်လုပွဲလိုမျိုး မျက်နှာချင်းဆိုင်ဖြေရှင်းကြတော့မယ့် ပွဲစဉ် ၅ ပွဲ

ကာတာ နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဥရောပ ဇုန် ခြေစစ်ပွဲ ပွဲစဉ်တွေ ဟာ ဒီကနေ့ ညက စတင်ပြီး နောက်ဆုံးပိတ် ပွဲစဉ်တွေကို စတင် ကစား သွားကြတော့မှာပါ ။

အုပ်စု ၁၀ စု ကနေ အုပ်စုဗိုလ် ၁၀ သင်း တိုက်ရိုက် ခြေစစ်ပွဲ အောင်မှာ ဖြစ်ပြီး အုပ်စု ဒုတိယ အသင်းတွေ ကတော့ နေးရှင်းလိဂ် က အဆင့်အများဆုံးရ ၂ သင်း နဲ့ အတူ Play-off ကစားရဦးမှာပါ ။ ( ဥရောပဇုန် Play-off အကြောင်းကို ရှေ့မှာ ရေးသားဖော်ပြ ပေးထားပါတယ် )

လက်ရှိ အချိန်ထိ ဂျာမနီ ၊ ဒိန်းမတ် ၊ ပြင်သစ် နဲ့ ဘယ်လ်ဂျီယံ တို့သာ တိုက်ရိုက် ခြေစစ်ပွဲ အောင်ထားပါတယ် ။ ဒါကြောင့် လက်ကျန် ၆ နေရာ အတွက် နောက်ဆုံး ပွဲမှာ အဆုံးအဖြတ် ခံယူ ကြရတော့မှာပါ ။

တိုက်တိုက် ဆိုင်ဆိုင်ပါပဲ . . . အုပ်စု နောက်ဆုံး ရက်သတ္တပတ် မှာ အုပ်စုထဲက အဆင့် ၁ နဲ့ ၂ အသင်းတွေ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတွေ ပါဝင်နေပါတယ် ။

သူတို့ ဟာ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲအောင်ခွင့် နဲ့ Play-off ကစားခွင့်တွေ အတွက် မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်း ကြမှာ ဖြစ်ပြီး ခြေစစ်ပွဲ အဖြစ်ကနေ ဗိုလ်လုပွဲတွေ အဖြစ်ကို ပြောင်းလဲ သွားခဲ့ကြပြီ ဖြစ်ပါတယ် ။

အဲ့ဒိပွဲတွေက ဘယ်ပွဲတွေလဲ . . . ဘယ်အသင်းတွေက ဘယ်လို ရလဒ်တွေ ထွက်ပေါ်နေဖို့ လိုသလဲ ဆိုတာ ကြည့်လိုက် ကြရအောင် . . .

၁ ။ ပေါ်တူဂီ – ဆားဘီးယား

ခြေစစ်ပွဲ နောက်ဆုံး ရက်သတ္တပတ် ရဲ့ စိတ်ဝင်စား စရာ အကောင်းဆုံး ပွဲလို့ ဆိုနိုင်ပါတယ် ။

ပေါ်တူဂီ ဟာ အုပ်စု အေ မှာ ၁၇ မှတ် နဲ့ အဆင့် ၁ နေရာကို ရယူထားသလို ဆားဘီးယား ကလည်း အမှတ်တူ ၊ ဂိုးကွာခြားချက်နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ် ။

ပေါ်တူဂီ က လူအင်အား ပိုမို တောင့်တင်း ပေမယ့် ဆားဘီးယား ဘက်မှာလည်း ထိပ်တန်း ကစားသမားတွေ ပါဝင်လို့ နေပါတယ် ။

စီးရီးအေ က လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆဗစ် ၊ ဖီအိုရင်တီးနား ဂိုးသွင်းစက် ဗလာဟိုဗစ် ၊ လူကာ ဂျိုဗစ် ၊ အိုင်ယက်စ် ရဲ့ တာဒစ် ၊ ဂရူဂျစ် တို့လို ကစားသမားကောင်းတွေ ဆားဘီးယား ဘက်မှာ ရှိနေတာကြောင့် ပေါ်တူဂီ တို့ ပေါ့ဆ ခဲ့မယ် ဆိုရင် နောင်တ ကြီးကြီးမားမား ရသွား နိုင်ပါတယ် ။

ဇယားအသာစီးရမှု ၊ အိမ်ကွင်းမှာ ကစားရမှုတွေ က ပေါ်တူဂီ အတွက် အားသာချက်တွေ ပါပဲ ။ အနိမ့်ဆုံး သရေ ကစားရုံ နဲ့ ရမှာလည်း ဖြစ်တာကြောင့် ဒီပွဲမှာ ပေါ်တူဂီ တို့ မရှုံးအောင် အဓိက ကစားသွားမှာပါ ။ ကပ်လည်း နိုင်ချင် နိုင်သွား နိုင်ပါတယ် ။

၂ ။ စပိန် – ဆွီဒင်

စပိန် – ၁၆ မှတ် ၊ ဆွီဒင် – ၁၅ မှတ်

ရှေ့ကပွဲ မှာ ဂျော်ဂျီယာ ကို မထင်မှတ်ဘဲ ရှုံးခဲ့တာက ဆွီဒင် ကို အများကြီး နစ်နာ စေခဲ့ ပါတယ် ။ အဲ့ဒိ ပွဲကိုသာ နိုင်ခဲ့မယ် ဆိုရင် ခုပွဲမှာ စပိန် ကို အပေါ်စီး ကနေ ကစားနိုင်မှာပါ ။

အခုတော့ စပိန်မြေပေါ်မှာ အိမ်ရှင်ကို အနိုင် ကစားမှ ဖြစ်တော့မယ့် အခြေအနေကို ရင်ဆိုင် ခဲ့ရ ပါပြီ ။

စပိန် ကို စပိန်မြေပေါ်မှာ နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ။ ဆွီဒင် ဘက်မှာ လူကောင်းတွေ ရှိပေမယ့် စပိန် ရဲ့ လူအင်အားက ပိုတောင့် ပါတယ် ။

နေးရှင်းလိဂ် မှာ ဗိုလ်လုပွဲ အထိ ရောက်ထားတဲ့ စပိန်တို့ပဲ ဒိပွဲကို အနိုင် ကစားပြီး ကမ္ဘာ့ဖလား ဝင်ခွင့် လက်မှတ် ကို အရယူ သွားဖို့ ရှိနေပါတယ် ။

၃ ။ နယ်သာလန် – နော်ေ၀ နဲ့ တူရကီ

နယ်သာလန် – ၂၀ မှတ် ၊ တူရကီ – ၁၈ မှတ် ၊ နော်ေ၀ – ၁၈ မှတ်

ဒီအုပ်စု ကတော့ နောက်ဆုံးအချိန်ထိ ဘာမဆို ဖြစ်သွားနိုင်တဲ့ အုပ်စုပါ ။ ရပ်တည်မှု အရ နယ်သာလန် က အသာစီးရ နေပြီး နောက်ဆုံးပွဲမှာ နော်ေ၀ ကို အိမ်ကွင်းမှာ ဧည့်ခံ ရမှာပါ ။

တူရကီ ကတော့ မနေ့ညက နယ်သာလန် ကို သရေ ကစားသွားတဲ့ မွန်တီနီဂရိုး ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။

နော်ေ၀ ရော တူရကီ ပါ နေးရှင်းလိဂ် မှာ အဆင့် နိမ့်ခဲ့ ကြတာကြောင့် အုပ်စု မှာ တတိယ ရခဲ့မယ် ဆိုရင် Play-off မျှော်လင့်ချက် မရှိတော့ဘဲ နောက်ထပ် ၄ နှစ် စောင့်ဆိုင်း ရတော့မှာပါ ။ ဒါကြောင့် သူတို့ ၂ သင်းက နယ်သာလန် ထက် ပိုပြီး အမှားမခံပါဘူး ။

နယ်သာလန် ခြေက အရမ်းမကောင်းပါ ၊ ဒါပေမယ့် နော်ေ၀ က ပိုဆိုးလို့ နေပါတယ် ။ အာလင်း ဟာလန်း မပါ နိုင်တာက တိုက်စစ်ကို သိသိသာသာ အားလျော့ စေပြီး လတ်ဗီးယား ကို လုံး၀ ဂိုးမသွင်း နိုင်ခဲ့ ပါဘူး ။

ဒီလို တိုက်စစ်မျိုး နဲ့ နယ်သာလန် ကို ခြိမ်းခြောက်ဖို့ ဆိုတာ အရမ်းကို ခက်ခဲမှာပါ ။ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ် ဆိုပေမယ့် ဒီပွဲမှာတော့ နယ်သာလန် ပဲ နိုင်သွားဖို့က ရာခိုင်နှုန်း အတော် များပါတယ် ။

နယ်သာလန် နိုင်ပြီ ဆိုတာ နဲ့ အုပ်စု က အဖြေထွက်သွားမှာပါ ။ နယ်သာလန် ပထမ ၊ တူရကီ ဒုတိယ ၊ နော်ေ၀ က လက်ပြ ပေါ့ . . .

၄ ။ ခရိုအေးရှား – ရုရှ

ခြေစစ်ပွဲ နောက်ဆုံး ရက်သတ္တပတ် ရဲ့ အစောဆုံး ပွဲစဉ် ( မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ ) ဟာ ဗိုလ်လုပွဲ တပွဲ ဖြစ်နေခဲ့ ပါတယ် ။

အုပ်စု H မှာ ရုရှ က ၂၂ မှတ် ၊ ခရိုအေးရှား က ၂၀ မှတ် နဲ့ ရပ်တည် နေကြတာပါ ။ ဒီပွဲ ကို ခရိုအေးရှား နိုင်ရင် တိုက်ရိုက် ခြေစစ်ပွဲ အောင်မှာ ဖြစ်ပြီး ရုရှ ကတော့ အနိမ့်ဆုံး သရေ ကစားရုံ နဲ့ လုံလောက် ပါတယ် ။

ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ စိတ်ဝင်စား စရာပါပဲ ။

၅ ။ ဖင်လန် နဲ့ ယူကရိန်း ၊ ဝေးလ် နဲ့ ချက်

ဒီပွဲတွေ ကတော့ မျက်နှာချင်းဆိုင် ဖြေရှင်းရတဲ့ ပွဲတွေ မဟုတ်ပါဘူး ။ ဒါပေမယ့် တူညီမှုတွေ ရှိနေကြပါတယ် ။

အုပ်စု D မှာ ဖင်လန် က ၁၁ မှတ် နဲ့ ဒုတိယ ၊ ယူကရိန်း က ၉ မှတ် နဲ့ တတိယ နေရာတွေ ရထားကြပါတယ် ။

နောက်ဆုံးပိတ် ပွဲစဉ်မျာ ဖင်လန် က ပြင်သစ်ကို ဧည့်ခံရမှာ ဖြစ်ပြီး ယူကရိန်း က ဘော့စနီယား ကွင်းကို သွား ကစားရမှာပါ ။

ယူကရိန်း ကတော့ ပြင်သစ်သာ အနိုင် ကစားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ဘော့စနီးယား ကို အနိုင် ယူနိုင်ဖို့ ကြိုးစား ရမှာပါ ။

ဝေးလ် နဲ့ ချက် ကတော့ အုပ်စု E မှာ ဒုတိယ ( ၁၄ မှတ် ) နဲ့ တတိယ ( ၁၁ မှတ် ) စီ ရရှိထားကြပါတယ် ။ အခု နောက်ဆုံးပွဲစဉ်မှာ ဝေးလ် က ခြေစစ်ပွဲ အောင်ပြီးသား ဘယ်လ်ဂျီယံ ကို ဧည့်ခံရမှာ ဖြစ်ပြီး ချက် ကတော့ အက်စတိုးနီးယား ကို ဧည့်ခံ ကစားရမှာပါ ။

ဝေးလ် ဟာ နေးရှင်လိဂ် အဆင့် သတ်မှတ်ချက်မှာ အကောင်းဆုံး ၂ သင်း စာရင်းဝင်ဖို့ မဖြစ်နိုင် တာကြောင့် ဒုတိယ နေရာမြဲမှသာ Play-off ကစားခွင့် ရှိမှာပါ ။ ဒီအတွက် သူတို့ ဘယ်လ်ဂျီယံ နဲ့ ပွဲမှာ ရလဒ်ကောင်းဖို့ လိုနေပါတယ် ။

 

သရေ ကျမယ်ဆို ချက် က အက်စတိုးနီးယား ကို ၂ ဂိုးမပြတ်ဖို့ ဆုတောင်းရမှာပါ ။ Head-to-Head မှာတော့ ဝေးလ် က ချကို အသာရထားပါတယ် ။ ( ဂိုးကွာခြားချက် – သွင်ဂိုး – H2H အစဉ်လိုက် ဆုံးဖြတ်မှာပါ )

ဝေးလ် က ကမ္ဘာ့အဆင့် ၁ ကို နိုင်ခဲ့မယ် ဆိုရင်တော့ ဘာမှ ဆက်မေးစရာ မလိုတော့ ပါဘူး ။

 

SPORTS MYANMAR