နိုင်ငံ့ပွဲစဥ်တွေ သွားရောက်ကစားခဲ့ကြတဲ့ ယူနိုက်တက် ကစားသမားတွေထဲက winner နဲ့ loser များ

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရလဒ်တွေ ဆိိုးရွားနေခဲ့စဥ်အတွင်း နိုင်ငံတကာ ပွဲစဥ်တွေ ရောက်ရှိလာခြင်းက အဆိုးထဲက အကောင်း တစ်ခုပဲ ဖြစ်သွားခဲ့ရပါတယ် ။ ဒါက ဒီနှစ် ဘောလုံး ရာသီ အတွက် နောက်ဆုံးသော နိုင်ငံတကာ ပွဲစဥ် ဖြစ်ခဲ့ရပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်းမှ နိုင်ငံ့ပွဲ သွားရောက် ကစားခဲ့ကြတဲ့ ကစားသမား များစွာ ရှိခဲ့ကြသလို နိုင်ငံပွဲ မကစားရပဲ နည်းပြ ဆိုးလ်ရှား သတ်မှတ်ခဲ့တဲ့ အားလပ်ရက်တွေကို ပိုင်ဆိုင်ခဲ့ရသူတွေလည်း များခဲ့ကြပါသေးတယ် ။

ယူနိုက်တက် အသင်းမှာတော့ အင်္ဂလန်သားတွေ ဖြစ်ကြတဲ့ ဂျေဒန် ဆန်ချို ၊ မေဆွန် ဂရင်းဝုဒ် နဲ့ ဂျက်ဆီ လင်ဂတ် တို့ဟာ နိုင်ငံ့အသင်း အတွက် ပါဝင်ခွင့် မရရှိခဲ့ပဲ အိမ်မှာပဲ အားလပ်ရက် ကုန်ဆုံးခဲ့ကြသလို ဗန်ဒီဘိခ် ကလည်း နယ်သာလန် မှာ အရွေးမခံခဲ့ရပါဘူး ။

အခုတော့ မန််ချက်စတာ ညနေခင်း သတင်း (MEN) မှ ဖော်ပြပေးလိုက်တဲ့ နိုင်ငံတကာ ပွဲစဥ်တွေကို သွားရောက် ကစားခဲ့သူတွေ အနက်မှ Winner တွေနဲ့ Loser တွေကို ဖော်ပြပေးလိုက်ပါတယ် ။

Winners

ဟယ်ရီ မက်ဂွားယား

ဒဏ်ရာ ပြသနာမှ ပြန်လာခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့တဲ့ ပွဲစဥ်တွေမှာ ပုံစံကောင်းတွေ မပြသထားနိုင်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ပိုင်ဆိုင်ထားခဲ့ရတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်က နိုင်ငံတကာ ပွဲစဥ်တွေမှာတော့ ဟီးရိုး ဖြစ်နိုင်ခဲ့ပါတယ် ။

သူဟာ အင်္ဂလန် အတွက် ကစားပေးခဲ့တဲ့ ပွဲစဥ် နှစ်ပွဲလုံးမှာ အဖွင့်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ဝေဖန်ခံရမှုတွေကို အကောင််းဆုံး တုန့်ပြန် ပြနိုင်ခဲ့ပါတယ် ။ အခုတော့ သူဟာ အင်္ဂလန် အတွက် ဂိုးအများဆုံး သွင်းယူပေးထားနိုင်ခဲ့တဲ့ ခံစစ်မှူး ဖြစ်သွားခဲ့ပါပြီ ။

အခုတော့ ဝေဖန်သံတွေကို တုန့်ပြန်ပြနိုင်ခဲ့တဲ့ မက်ဂွားယားဟာ ကလပ် အသင်းဆီကိုလည်း အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ခံနေခဲ့ရပါပြီ ။ ဒီတစ်ကြိမ် မက်ဂွားယား ပုံစံကောင်း ပြန်ပြနိုင်မလား စောင့်မျှော်ရပါတော့မယ် ။

အန်သိုနီ အီလန်ဂါ

အသက်အရွယ် ဆိုတာဟာ ကိန်းဂဏန်း တစ်ခုမျှသာ ဖြစ်ကြောင်း အသက် 18 နှစ် အရွယ် ကစားသမားလေးက ဆွီဒင် ယူ 21 အသင်း အတွက် ပါဝင် ကစားပေးရင်း သက်သေ ပြသွားနိုင်ခဲ့ ပါတယ် ။ ဆွီဒင်ဟာ နိုဝင်ဘာမှာ ရာနှုန်းပြည့် နိုင်ခဲ့တဲ့ အသင်းတော့ မဟုတ်ခဲ့ရပါဘူး ။

သူတို့ဟာ အိုင်ယာလန် အသင်းကို ရှုံးနိမ့်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဘော့စနီးယား အသင်းကိုတော့ 4 ဂိုးပြတ် အနိုင် ကစားနိုင်ခဲ့ကြပါတယ် ။ အဲ့ဒီမှာတော့ ယူနိုက်တက် အကယ််ဒမီထွက် အီလန်ဂါဟာ 2 ဂိုး သွင်းယူပေးနိုင်ခဲ့ ပါတယ် ။

အခုတော့ သူဟာ ဆွီဒင် U 21 အသင်းအတွက် 7 ပွဲ ပါဝင်် ကစားပေးခဲ့ပြီး 6 ဂိုးထိ သွင်းယူပေးထားတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်နေခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ အမြဲတမ်း ဝေဖန်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဖရက်ဒ် က ဘရာဇီးမြေမှာတော့ တစ်ဖန် ပြန်လည် တောက်ပ သွားနိုင်ခဲ့ပါပြီ ။ သူက ဘရာဇီး အတွက် ကစားပေးခဲ့တဲ့ ကိုလံဘီယာ ၊ အာဂျင်တီးနား အသင်းနဲ့ ပွဲစဥ်တွေမှာ ပုံစံကောင်းတွေ ပြသသွားနိုင်ခဲ့ပြီး အသင်းကို အဆင့် 1 အဖြစ် ကမ္ဘာ့ဖလား ခြေစစ််ပွဲ အောင်စေနိုင်ခဲ့ပါတယ် ။

အာဂျင်တီးနားနဲ့ ပွဲစဥ်မှာတော့ ကစားလိုတဲ့ နေရာမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ကစားသမားဟာ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားတောင် ဖြစ်နိုင်ခဲ့ပါသေးတယ် ။

Losers

ဘရူနို ဖာနန်ဒက်စ် ၊ ခရစ္စတီယာနို ရော်နယ်ဒို

ဒီတစ်ကြိမ်မှာတော့ ပေါ်တူဂီ လက်ရွေးစင် ကစားသမား နှစ်ဦးလုံးဟာ စိတ်ပျက်ဖွယ် နိုင်ငံ့ပွဲစဥ်တွေကို ပိုင်ဆိုင်ခဲ့လိုက်ရပါတယ် ။ သူတို့ဟာ အိုင်ယာလန် နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ ဂိုးမရှိ သရေ ရလဒ်သာ ရယူပေးနိုင်ခဲ့ကြသလို မဖြစ်မနေ အနိုင်ကစားသင့်တဲ့ ဆားဘီယားနဲ့ ပွဲမှာလည်း 1 – 2 နဲ့ ရှုံးနိမ့် သွားခဲ့ကြပါတယ် ။

အဆိုပါ ပွဲစဥ် နှစ်ပွဲလုံးမှာ သူတို့ နှစ်ဦးဟာ အသင်းရဲ့ သွင်းဂိုး ၊ ဖန်တီးမှုတွေနဲ့ ပါဝင် ပတ်သက်နိုင်စွမ်း မရှိခဲ့ကြပါဘူး ။ အခုတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ play off ကစားရပါတော့မယ် ။ တကယ့်ကို စိတ်ပျက်စရာပါပဲ ။

ပေါလ် ပေါ့ဂ်ဘာ

နိုင်ငံ့အသင်းမှာ အမြဲလို အထူးခြေစွမ်းကောင်း ပြသနိုင်ခဲ့ဖူးတဲ့ ပေါလ် ပေါ့ဂ်ဘာဟာ ဒီတစ်ကြိမ်မှာလည်း တက်ကြွမှု အပြည့်နဲ့ လက်ရွေးစင် အသင်းကို သွားရောက် ပူးပေါင််းခဲ့ပါတယ် ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပေါလ်ဟာ ပွဲကစားခွင့်တောင် မရခဲ့ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ သူဟာ အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဥ်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့ပြီး ပွဲ ကစားပေးနိုင်စွမ်း မရှိတော့ခဲ့သလို နှစ်လလောက်အထိ အနားယူရလိမ့်မယ်လို့ပါ သတင်းတွေ ထွက်နေခဲ့ပါတယ် ။

အဲရစ် ဘိုင်လီ

ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့် အချို့ ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘိုင်လီဟာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းမှာ ပြန်လည် အရွေးချယ်ခံခဲ့ရပါတယ် ။ ဒါပေမဲ့ သူဟာ မိုဇမ်ဘိခ် ကို 3 ဂိုးပြတ် အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက်ခွင့် မရရှိခဲ့ပါဘူး ။

ကင်းမရွန်း နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ သူဟာ ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ အဆိုပါ ပွဲစဥ်မှာ အိုင်ဗရီကို့စ် တို့ 1 – 0 နဲ့ ရှုံးနိမ့်ခဲ့လိုက်ရပါတယ် ။ ဒါဟာ ဘိုင်လီ အတွက်တော့ စိတ်ပျက်စရာပါပဲ ။

#Sports_Myanmar